ဓနုဖြူမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကျင်းပ

ဓနုဖြူ သြဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ယမန်နေ့ သြဂုတ်လ ၄ ရက်နေ့ မွန်းလွဲပိုင်းက အခြေခံပညာအလယ်တန်းကျောင်း (ထောက်ရှာရိုး) ကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မေစိုးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နောင်အနာဂတ်တွင် ပွင့်လန်းလာမည့် မျိုးဆက်သစ် လူငယ်များ ဖြစ်ပေါ်လာစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေမှ ဗဟုသုတ အသိအလိမ္မာများ ရရှိစေရန်၊ အမှားအမှန်ခွဲခြား တတ်လာစေရန်၊ စကားပြောစွမ်းရည် ကြွယ်ဝလာစေရန် အသိပညာပေးပြောကြားခဲ့သည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခြူးရွှေစင်က သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အကြီးတန်းစာရေး ဦးခိုင်လွှမ်းမိုးက စားသုံးသူကာကွယ်ရေး အသိပညာဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှုပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်များ၊ သဘာဝဘေးအန္တရာယ်အသိပညာပေးစာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များအားပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)