ဘားအံ ဩဂုတ် ၅
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်လာသည့်အတွက် ဘားအံမြို့၏ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၉၃၅ စင်တီမီတာအထိမြင့်တက်၍ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ယခုအခါ သံလွင်မြစ်ရေသည် ၈၃၀ စင်တီတာ အောက်သို့ပြန်လည်ကျဆင်းနေပြီဖြစ်၍ ရေကြီးနစ်မြုပ်ခဲ့သော ကမ်းနားလမ်းတစ်လျှောက်နှင့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ရပ်ကွက်များတွင် ယမန်နေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဘားအံမြို့၊ ကမ်းနားလမ်းရှုခင်းသာနှင့် ကမ်းနားလမ်းတစ်လျှောက်၊ အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၈) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့မိမြို့ဖ၊ ရပ်ကွက်နေပြည်သူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ကျောင်းသားမိဘနှင့် ဆရာ၊ ဆရာမများပူးပေါင်းပြီး ယာဉ်၊ ယန္တရားများအသုံးပြု၍ ရေကြီးရေလျှံမှုဖြစ်ပွားပြီးချိန်၊ ရေများ ပြန်လည်ကျဆင်းချိန်တွင် တင်ကျန်ရစ်ခဲ့သည့်သဲနှုန်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ မီးသတ်ပိုက်များဖြင့် ဆေးကြောသန့်စင်ခြင်း၊ ရေကြီးနစ်မြုပ်ခဲ့သည့်ရေတွင်း ရေကန်များစုပ်ထုတ်သန့်စင်ပေးခြင်း၊ ဆေးခပ်ခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ခြင်း အစရှိသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)