ပွင့်ဖြူ ဩဂုတ် ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများနှင့် မွေးကင်းစကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်သို့ သွားရောက်ပြီး သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း ၊ ဖုံး ၊ သွန် ၊ လဲ ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲလင်းတိုး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ဌာနဆိုင်ရာများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ အိမ်ခြေ ၂၇၃ အိမ်၊ ဒေသခံပြည်သူ ၂၉၁ ဦးတို့အား သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အသိပညာပေးဆွေးနွေးဟောပြောပြီး ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ်နိုင်ရေး ပိုးလောက်လန်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရေး၊ ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံးရေအိုးများ၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေတိုင်ကီနှင့် ကျောက်စည်ပိုင်း ရေအုတ်ကန်များအတွင်း အဘိတ်ဆေးခပ်ခြင်း၊ ဆေးမှုတ်ခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးအသိပညာပေးခြင်း၊ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းနှင့် ခြင်/ပိုးလောက်လန်းနှိမ်းနင်းရေး အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)