ချောက် ဩဂုတ် ၅
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ကြီးကြပ်၍ နှစ်စဉ်မြစ်ရေမြင့်တက်လျက်ရှိသော ရပ်ကွက်များအား ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်နိုင်ရေး အသက်ကယ်အင်္ကျီများ ဖြန့်ဝေပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်မှုများ လျှော့ချနိုင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး အစိတ်အပိုင်းတစ်ခုဖြစ်သည့် အသက်ကယ်အင်္ကျီများအား ရေဘေးအန္တရာယ် ဖြစ်ပွားလျက်ရှိသော ရပ်ကွက်များအလိုက် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဖြန့်ဝေပေးခြင်းဖြစ်ကြောင်းနှင့် ပေးအပ်ထားသော အသက်ကယ်အင်္ကျီများကို သက်ဆိုင်ရာရပ်ကွက်များမှ စနစ်တကျထိန်းသိမ်းသွားဖို့လိုအပ်ပါကြောင်း ပြောကြားကာ ရပ်ကွက်(၆)ရပ်ကွက်အတွက် အသက်ကယ် အင်္ကျီ(၃၀) ထည်ကိုသက်ဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်အလိုက် ဖြန့်ဝေပေးအပ်ခဲ့သည်။
အဆိုပါ အသက်ကယ်အင်္ကျီများကို ချောက်မြို့၌နှစ်စဥ် ဧရာဝတီမြစ်ရေ မြင့်တက်ဝင်ရောက်လျက်ရှိသည့် အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၇)၊ အမှတ်(၈)၊ အမှတ်(၁၄)ရပ်ကွက်များအား ဖြန့်ဝေပေးအပ်ခဲ့ခြင်းဖြစ်ပြီး ချောက်မြို့နယ် အနေဖြင့် ဧရာဝတီမြစ်ဘေးတွင် တည်ရှိနေခြင်းကြောင့် ဧရာဝတီမြစ်ရေမြင့်တက်လာသည့်အခါ ရေဘေးအန္တရာယ်ကို နှစ်စဥ်ခံစားလျက်ရှိကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)