ဥပဒေဘောင်အတွင်းသို့ အလင်းဝင်ရောက်လာသူများအား လက်ခံကြိုဆိုခြင်းနှင့် ဆုကြေးငွေချီးမြှင့်ပေးအပ်ပွဲ ကျင်းပ

ပခုက္ကူ ဩဂုတ် ၅

PDF အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းအတွင်း ရောက်ရှိနေသူများမှ လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း အလင်းဝင်ရောက်လာသူများအား လက်ခံကြိုဆိုခြင်းနှင့် ဆုကြေးငွေချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ပခုက္ကူမြို့၊ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်၊ ရဲတံခွန်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မမှူး ဗိုလ်မှူးကြီး ဇော်မင်းထက်၊ ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ အလင်းဝင်ရောက်လာသူ PDF သင်တန်းဆင်းလူငယ် ၁၄ ဦးနှင့်  အုပ်ထိန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပခုက္ကူမြို့၊ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးကြီး ဇော်မင်းထက်က အလင်းဝင်ရောက်လာသူလူငယ်များအား အသိပညာပေးဟောပြောပြီး ဆုကြေးငွေချီးမြှင့်ပေးအပ်ခြင်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းများဆောင်ရွက်ရာ အလင်းဝင်ရောက်လာသူများက တပ်မမှူးထံ လက်ပစ်ဗုံး၊ ခဲယမ်းများအပ်နှံကြသည်။

ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က အလင်းဝင်ရောက်လာသူများအား အသိပညာပေးဟောပြောခြင်း ဆန်၊ ဆီ၊ ဆားနှင့် ပဲများပေးအပ်ခြင်းများ ဆောင်ရွက်ရာ အလင်းဝင်ရောက်လာသူများကိုယ်စား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)