လွိုင်ကော် သြဂုတ် ၄
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသအတွင်း ပြန်လည်ဝင်ရောက်နေထိုင်သည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား စနစ်တကျပြန်လည်နေရာချထား၍ လိုအပ်သည့်အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအဆင်ပြေစေရေး စီမံဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နေ့လယ်ပိုင်းက လွိုင်ကော်မြို့၊ မှုံပြာကျေးရွာသို့သွားရောက်ပြီး ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မှုံပြာကျေးရွာသို့ ယာယီနေရပ်စွန့်ခွာ ရောက်ရှိနေထိုင်လျက်ရှိသော ဘုရားဖြူ၊ ဘုရားနီ၊ ဖောင်းတောနှင့် ဒေါဆော်လိကျေးရွာများမှ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ အမှာစကားပြောကြားသည်။ ဆက်လက်၍ ဒေသကွပ်ကဲရေးမှူးက ပြည်နယ်အတွင်း နယ်မြေလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ပေးနေသည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့်ပြည်သူများက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေး၊ နွေစပါးများပြန်လည်ရိတ်သိမ်းနိုင်ရေး၊ လယ်ယာသုံးစက်ကိရိယာများနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ဖြည့်ဆည်းပေးရန်များကိုတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆောင်ရွက်ပေးမည့်အခြေအနေများကို တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူများသို့ ဆန်၊ ဆီ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မှုံပြာမူလတန်းကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီး၊ ကျောင်းအကျိုးတော်ဆောင်များနှင့်တွေ့ဆုံကာ ကျောင်းပြန်လည် ရွှေ့ပြောင်းဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် စာသင်ဆောင်များ ဥပဓိရုပ်ကောင်းမွန်အောင် ပြန်လည်ပြုပြင်ပေးရန်၊ ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန်မှာကြားပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် လွိုင်ကော်မြို့၊ ရှမ်းစုရပ်ကွက်၊ ရွှေကျောင်းပရိယတ္တိစာသင်တိုက်သို့ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကာ ဖယ်ခုံမြို့နယ်မှ ယာယီနေရပ်စွန့်ခွာပြီး လွိုင်ကော်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသူ၊ ကျောင်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ အမှာစကားပြောကြားသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာမများ နေထိုင်စားသောက်မှု အဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ငါးခြောက်နှင့် ကျောင်းသုံးစာရေးကိရိယာများ၊ ကျောင်းဝတ်စုံများကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ပြည်နယ် (ပြန်/ဆက်)