ထားဝယ်ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ

ထားဝယ် ဩဂုတ် ၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် ၂/၂၀၂၅ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က ဦးဘုန်းမြတ်သူက မြန်မာနိုင်ငံအတွင်း ဖြစ်ပွားကြုံတွေ့လေ့ရှိသော မီးဘေးအပါအဝင် အခြားသော ဘေးအန္တရာယ်များအကြောင်း၊ မီးသတ်တပ်ဖွဲ့၏အခန်းကဏ္ဍ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအမျိုးမျိုးအနက်မှ မြို့ပြရှာဖွေကယ်ဆယ်ရေးဘာသာရပ်ဖြစ်သည့် အခြေခံကြိုးချည်နည်းများ၊ အမြင့်ပိုင်း/ အနိမ့်ပိုင်းများတွင် ကြိုးဖြင့်အသက်ကယ်နည်းစနစ်များ၊ တောင်ပေါ်အသက်ကယ်နည်းစနစ် (Mountain Rescue Technique)၊ လျှိုမြောင်အတွင်း အသက်ကယ်နည်းစနစ်၊ (Valley Rescue Technique) ၊ ဥရောပနိုင်ငံများမှာ အသုံးပြုလျက်ရှိသော ယာဉ်မတော်တဆထိခိုက်မှုဖြစ်စဉ်များတွင် အဖွဲ့လိုက်ကယ်ဆယ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ၉ ခု၊ ငလျင်ကြောင့် ပြိုကျပျက်စီးနေသော အစိတ်အပိုင်းများအောက်တွင် ပိမိ/ ညပ်မိသူများကို ကယ်ဆယ်ရာမှာ အသုံးပြုသည့်(Cribbing) နည်းစနစ်များ၊ Air Lifting Bag အသုံးပြုခြင်း နည်းစနစ်များ၊ ယိုင်နဲပြိုကျနိုင်သော အဆောက်အဦအား ထပ်မံပြိုကျမှုမရှိအောင် ဆောင်ရွက်ရမည့် ဒေါက်ထောက်ခြင်း/ ကျားကန်ခြင်း (Shoring Technique) များ၊ ပြိုကျအဆောက်အဦအစိတ်အပိုင်းများ အောက်တွင် ပိတ်မိနေသူများကို ကယ်ဆယ်ရာတွင် အသုံးပြုရမည့် ထွင်းဖောက်ဖြတ်တောက်ခြင်းနည်းစနစ်များ၊ ရေတွင်းအသက်ကယ် နည်းစနစ်များ၊ အရေးပေါ်ဆေးအကာအကွယ်ပေးခြင်းနှင့် ရှေးဦးသူနာပြုစုနည်းများဖြစ်သော ဇီဝကမ္မဗေဒ၊ ခန္ဓာဗေဒဘာသာရပ်များစသည့် သင်ခန်းစာများကို ကျွမ်းကျင်နည်းပြများဖြင့် စနစ်တကျထိရောက်စွာ သင်တန်းတွင် လေ့ကျင့်သင်ကြားသွားမှာဖြစ်ကြောင်းပြောကြားသည်။

သင်တန်းတွင် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းတွင် သင်တန်းသား ၅၀ ဦးအား ဩဂုတ်လ  ၁၅ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)