ကယားပြည်နယ်ဝန်ကြီးချုပ် ယာယီနေရပ်စွန့်ခွာပြည်သူများအား အခြေခံစားသောက်ကုန်များ ပေးအပ်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

လွိုင်ကော် သြဂုတ် ၄

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ်၊ ပိန်းချစ်ကျေးရွာအုပ်စု၊ ထီရိကျေးရွာဣစ္ဆာသယဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဆရာတော် ဦးဝိသုဒ္ဓအား ဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန်တော်၊ ဆီ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် လွိုင်လင်လေးမြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနှင့် တွေ့ဆုံရာ မြို့အုပ်ချုပ်ရေးမှူးက ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှုနှင့် လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အုပ်ချုပ်မှုကိစ္စရပ်များ စနစ်တကျရှိစေရေးနှင့် ဌာနများ၏ ပင်မလုပ်ငန်းတာဝန်များ အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရန် မှာကြားပြီး ဝန်ထမ်းများအား အခြေခံစားကုန်များ ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ယာယီနေရပ်စွန့်ခွာ၍ အဆိုပါဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိနေထိုင်လျက်ရှိသော ရှမ်းပြည်နယ် လွယ်ပေါ၊ ဆင်ဖြူ၊ တောင်ပို့ကြီး၊ ညောင်မွန်း၊ ရွှေစမ်း၊ ငါးမူး၊ စံကားကုန်းသာ၊ နောင်လိုင်၊ ကန်ဦး၊ ကုန်းဆွတ်၊ နန်းဆွတ် စသည့်ကျေးရွာများမှ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး ပြည်သူများက အခက်အခဲများနှင့် ဖြည့်ဆည်းပေးရန်ကိစ္စရပ်များအား အသီးသီးတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က နေထိုင်နေစဉ်ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများပေးရေး၊ ကျောင်းနေအရွယ်ကလေးငယ်များ နီးစပ်ရာ ကျောင်းများတွင် တက်ရောက်ပညာသင်ကြားနိုင်ရေး၊ နေထိုင်စားသောက်မှုများ အဆင်ပြေစေတာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာ ပြည်သူများသို့ ဆန်၊ ဆီ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များ ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်လင်လေးမြို့သို့ ရောက်ရှိကာ ပြည်သူများအား စနစ်တကျပြန်လည်နေရာချထားပေးနိုင်ရေးနှင့် မြို့အတွင်းနေထိုင်လျက်ရှိသည့် ပြည်သူများ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် အကြမ်းဖက်သမားများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လွိုင်လင်လေးတိုက်နယ်ဆေးရုံ ပြန်လည်ပြုပြင်နိုင်ရေးလှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ဆေးရုံထိခိုက်ပျက်စီးမှုများ အမြန်ပြန်လည်ပြုပြင်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စာသင်ကျောင်းများ ဖွင့်လှစ်ထားရှိမှုနှင့် စိုက်ပျိုးရေးဦးစီးဌာနရုံး ဖွင့်လှစ်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကာ ရုံးလုပ်ငန်းများ စနစ်တကျ ပြန်လည်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်၍ လွိုင်လင်လေးမြို့၊ ရွှေတောရဓမ္မဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း အဆောက်အအုံအား ကြည့်ရှုစစ်ဆေးပြီး အမိုး၊ မျက်နှာကြက်နှင့် မီးလိုင်းများ အမြန်ပြန်လည်ပြုပြင်နိုင်ရေးညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် လွိုင်ကော်-ဆီဆိုင်လမ်းပိုင်း မိုင်တိုင် ၁၃၈/၄ တွင် အရှည် ၁၀၀၀ ပေ၊ အကျယ် ၂၄ ပေနှင့် ၈ လက်မထုကွန်ကရစ်လမ်းနှင့် ကျောက်စီရေမြောင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလပြီးစီးရေးဆောင်ရွက်ရန်နှင့် လမ်းအသုံးပြုသည့် ပြည်သူများအဆင်ပြေစွာသွားလာနိုင်ရေး လမ်းညွှန်းများ၊ လမ်းတားများ စနစ်တကျ ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ကယန်းသာယာဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ခွဲရုံစက်ထိန်းချုပ်ခန်းနှင့် Switch Yard အတွင်း ပြုပြင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဒုတိယအင်ဂျင်နီယာချုပ်က လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား လိုက်လံရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်ကာလပြီးစီးရေး အလေးထားဆောင်ရွက်ရန်နှင့် လျှပ်စစ်ဓာတ်အားပို့လွှတ်မည့် လွိုင်ကော်မြို့ပေါ် ရပ်ကွက်၊ ကျေးရွာများ၊ စက်မှုဇုန်နှင့် လွိုင်လင်လေးမြို့သို့ သွယ်တန်းထားသည့် ဓာတ်အားလိုင်းများ အသင့်ဖြစ်စေရေးလိုအပ်သည်များ ကြိုတင်စီမံဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ဝန်ထမ်းများအား ကော်ဖီမစ်၊ ခေါက်ဆွဲခြောက်နှင့် ကြက်ဥများ ပေးအပ်ခဲ့သည်။

အဆိုပါ ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေကယန်းသာယာဓာတ်အားခွဲရုံ ပြုပြင်တည်ဆောက်မှုအနေဖြင့် ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)