မင်းဘူးမြို့၌ ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးနှင့် ဥပဒေပါအကြောင်းအရာများ အသိပညာပေးဟောပြော

မင်းဘူး ဩဂုတ် ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးနှင့် ဥပဒေပါအကြောင်းအရာများ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက အလံပါယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံနှင့် ဇရပ်ကြီးကျေးရွာတို့၌ ကွင်းဆင်း၍ ဟောပြောခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်က အဖွင့်အမှာစကားပြောကြားပြီး၊ မကွေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနဌာနမှ ဦးစီးအရာရှိ ဦးရဲလွင်က မင်းဘူး(စကု)မြို့နယ်ရှိ စကုနယ်၊ မန်းချောင်းလွင်ပြင်နှင့် အလံပါယ်ကျေးရွာ နယ်နိမိတ်သည် ရှေးလွန်ခဲ့သောနှစ်ပေါင်း ၁၅၀၀ နှင့် ၃၀၀၀ အတွင်းက ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ဟူ၍ ခေတ်သုံးခေတ်ရှိခဲ့ပြီး၊ သမိုင်းအထောက်အထားများအရ သံခေတ်က နန်းမြို့ရိုး၏ အပိုင်းအစများရှိသည်ဟု  သိရှိရကြောင်း ထိုရှေးဟောင်းပစ္စည်းများသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သော ရတနာ ပစ္စည်းများဖြစ်သောကြောင့် တူးဖော်ယူဆောင်ခြင်း၊ အိမ်တွင်ထားရှိခြင်း၊ ရောင်းချခြင်းမပြုကြရန်နှင့် တွေ့ရှိပြီး နိုင်ငံတော်အားအပ်နှံပါက ပစ္စည်း၏ကာလတန်ဖိုးရရှိမှာဖြစ်သည့်အပြင် ပစ္စည်းသက်တမ်း ကာလအလိုက် ဆုကြေးများပါ ချီးမြှင့်ပေးမှာဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ရဲမှူးလှိုင်ဝင်းက မြစ်၊ ချောင်း၊ အင်းအိုင်များနှင့် အိမ်၊ ခြံ၊ လယ်ကွက်၊ ယာကွက်များတွင် တွေ့ရှိသည်ဖြစ်စေ၊ တူးဖော်ရရှိသည်ဖြစ်စေ၊ ရရှိသည့် ရှေးဟောင်းပစ္စည်းများသည် နိုင်ငံတော်ပိုင်ပစ္စည်းများဖြစ်၍ လက်ဝယ်ထားရှိခြင်း၊ ရောင်းချသုံးစွဲခြင်းပြုလုပ်ပါက ဥပဒေ၊ နည်းဥပဒေများအညီ ထောင်ဒဏ်၊ ငွေဒဏ်များကျခံရမှာဖြစ်ကြောင်း ပြောကြားကာ ဒုမြို့နယ် ဥပဒေအရာရှိ ဦးအောင်ဟိန်းထက်က ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေပါ သိရှိရမည့်အချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေပါ ပြစ်မှုပြစ်ဒဏ်(ပုဒ်မ)များကို ဆွေးနွေးပြောကြား၍ အသိပညာပေးဟောပြောပွဲသို့ အလံပါယ်ကျေးရွာနှင့် ဇရပ်ကြီးကျေးရွာမှ ရွာသူ၊ ရွာသား ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်)