ဘိုကလေးမြို့နယ် မဟာသီလဝံကန်တော်ကြီး ကန်ဆယ်ယူခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ဘိုကလေး  ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ရှေးနှစ်ပေါင်းများစွာ ကတည်းက သောက်ရေကန်အဖြစ် မြို့နေလူထုမှ အားကိုးအားထားပြုလာခဲ့သည့် ဘိုကလေးမြို့၏ပြယုဂ် မဟာသီလဝံကန်တော်ကြီးသည် ပြောင်းလဲလာသည့် ရာသီဥတုနှင့် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်မှု အားနည်းခြင်းတို့ကြောင့် သောက်ရေကန်ကြီး အတွင်း အမှိုက်များ တည်ရှိနေခြင်း၊ ကန်ဘောင်ပတ်လည်တွင် ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်နေမှုများ ရှိနေသည့်အတွက် ယခုနှစ် ဒီဇင်ဘာလဆန်းခန့်တွင် မြို့နယ်ဖွံ့ဖြိုး တိုးတက်စေရေးရည်ရွယ်၍ စေတနာထား ဦးဆောင်သူများ၊ စေတနာ့လုပ်အားရှင်များနှင့် မြို့သူ/မြို့သားအလှူရှင်များ၊ ပြည်တွင်း/ပြည်ပ အလှူရှင်များ၏ စုပေါင်း လှူဒါန်း ဆောင်ရွက်မှုတို့ဖြင့် ကန်အတွင်းမှ အမှိုက်သရိုက်များဆယ်ယူခြင်း၊ ကန်ဘောင် လျှောက်လမ်းမှ ခြုံနွယ်ပိတ်ပေါင်းများအား စက်ယန္တရားများဖြင့် ရှင်းလင်းခဲ့ခြင်းကြောင့် ယနေ့အချိန်တွင် ကန်ဆယ်ယူခြင်းလုပ်ငန်း၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီ ဖြစ်သည်။

အဆိုပါ မဟာသီလဝံကန်တော်ကြီး၏ ကန်ဘောင်ပတ်လည်မှာ ပေ(၄၂၀၀) ကျော်တည်ရှိပြီး အများအမြင် တင့်တယ်စေရေး၊ မြို့အင်္ဂါရပ်နှင့်ညီစေရေးတို့အတွက် ကန်ဘောင် ပတ်လည်ကိုလည်း ပြည်တွင်း/ပြည်ပမှ စေတနာရှင်များ၏ လှူဒါန်းငွေဖြင့် ၂၀၂၁ခုနှစ် မတ်လပိုင်းတွင် (၄)ပေ အကျယ်အဝန်း၊ (၅)လက်မ အထူဖြင့် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကိုလည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မဟာသီလဝံကန်တော်ကြီး သန့်ရှင်းသာယာလှပစေရေး ဉီးဆောင်ဆောင်ရွက်သူများ ထံမှ သိရသည်။

မိုးစက်(ဘိုကလေး)