ကျွန်းလှ ဩဂုတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ သိပ္ပံဘာသာတွဲဖြင့် တိုင်းဒေသကြီးအဆင့် Top Ten ဝင် အဆင့် (၈) ရရှိသည့် အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ)မှ မအိငွေစည်ဟိန်း (လေးဘာသာဂုဏ်ထူးရှင်)နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး ။ သမီး အခုလို တိုင်းဒေသကြီးအဆင့် Top Ten ဝင်ပြီး အဆင့် (၈)ရရှိအောင်ကြိုးစားခဲ့ပုံပြောပါအုံး။
ဖြေ ။ သမီး အခုလို လေးဘာသာဂုဏ်ထူးနဲ့ အောင်မြင်ဖို့အတွက် မူလတန်းကတည်းက မိဘတွေရဲ့ပံ့ပိုးမှု ဆရာ၊ ဆရာမတွေရဲ့ သွန်သင်ဆုံးမမှုကို သေသေချာချာ လိုက်နာခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်မှာ Grade-12 လူရည်ချွန်ကို နိုင်ငံတော်အဆင့် ရွေးချယ်ခံထားရပါတယ်။
မေး ။ သမီးအနေနဲ့ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယအကြိမ်) ပြန်လည်ဖြေဆိုဖို့ ပြင်ဆင်ခဲ့ပုံပြောပါအုံး။
ဖြေ ။ ၂၀၂၅ ခုနှစ်၊ တက္ကသိုဝင်စာမေးပွဲ ဒုတိယအကြိမ် ပြန်လည်ဖြေဆိုဖို့အတွက် အထက (ကျွန်းလှ) ကျောင်းမှာ နေ့ရောညပါ စခန်းသွင်းလေ့ကျင့်ခဲ့ပါတယ်။ စခန်းသွင်းလေ့ကျင့်ရာမှာ ကျောင်းအုပ်ဆရာမကြီးရဲ့ စီမခန့်ခွဲမှု၊ ဆရာ ဆရာမတွေရဲ့အနီးကပ်ကြည့်ရှု စောင့်ရှောက်မှုအောက်မှာ သေသေချာချာ လေ့ကျင့်သင်ကြားခဲ့ရပါတယ်။ သင်ကြားရေး၊ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ လုံခြုံရေးကအစ သက်ဆိုင်ရာဌာန အသီးသီးက အဖက်ဖက်ကပြည့်ပြည့်စုံစုံ ဆောင်ရွက်ပေးခဲ့တဲ့အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ဒုတိယအကြိမ်မှာ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ခဲ့ပါတယ်။
မေး ။ သမီးရဲရည်မှန်းချက်ကို ပြောပါအုံး။
ဖြေ ။ သမီးရဲ့ရည်မှန်းချက်ကတော့ ပြည်သူတွေရဲ့ ကျန်းမာစောင့်ရှောက်မှုပေးနိုင်ဖို့ ဆေးတက္ကသိုလ်တက်ပြီး ဆရာဝန်ဖြစ်အောင်ကြိုးစားသွားမှာ ဖြစ်ပါတယ်။
မေး ။ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမယ့် မောင်လေး ညီမလေးတွေကို အကြံပြုတိုက်တွန်းပြောကြားပေးပါအုံး။
ဖြေ ။ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမယ့် မောင်လေး ညီမလေးတွေကို မှာကြားချင်တာက ကိုယ့်ရဲလုပ်နိုင်စွမ်းကို သံသယမဖြစ်ဘဲ ယုံကြည်မှုရှိရှိနဲ့ စာကိုတစိုက်မတ်မတ်ကြိုးကြပါ။ မိဘ၊ ဆရာသမားတွေရဲ့ စကားကို နားထောင်ပြီး ကိုယ့်ရဲ့ရည်မှန်းချက်ကို အရောက်သွားကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာပေးပွဲ (ဒုတိယအကြိမ်) ပြန်လည်ဖြေဆိုရာ၌ ကျောင်းသား၊ ကျောင်းသူ (၂၄၄) ဦး ဖြေဆိုကြကြောင်း၊ ကျောင်းသား၊ ကျောင်းသူ (၁၆၀) ဦး (၆၅ ဒသမ ၅၇) ရာခိုင်နှုန်း အောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)