ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ချီးမြှင့်

ဘားအံ ဩဂုတ် ၃

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကျင်းပပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဘားအံခရိုင်အတွင်းသို့ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများချီးမြှင့်ပေးအပ်ပွဲသို့ တက်ရောက်၍ ဘားအံခရိုင်အတွင်း ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု (၉၅၉၀)စု၊  လူဦးရေ(၄၀၂၈၄)ဦးအတွက် ၂၀၂၅ ခုနှစ် ဧပြီ၊မေ၊ဇွန်(၃)လ အတွက် တစ်ဦးလျှင်တစ်လနှစ်သောင်းကျပ်နှုန်းဖြင့် (၃)လစာထောက်ပံ့ငွေကျပ် ၂၄၁၇၀၄၀၀၀ဝိ/-(နှစ်သောင်းလေးထောင်တစ်ရာ့ခုနှစ်ဆယ်သိန်းလေးသောင်းကျပ်)ကို ထောက်ပံ့ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

အလားတူ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်အိမ်ထောင်စုများအားလည်းကောင်း၊ ဘားအံမြို အမှတ်(၁၀)မူလတန်းလွန်ကျောင်းယာယီရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်အိမ်ထောင်စုများကိုလည်းကောင်း၊ ဘားအံမြို့၊ အမှတ်(၇)မူလတန်းကျောင်းယာယီရေဘေးကယ်ဆယ်ရေး စခန်းရှိ ရေဘေးရှောင်အိမ်ထောင်စုများအားလည်းကောင်း၊ ဘားအံမြို့၊ အမှတ်(၁၁)အခြေခံပညာမူလတန်းကျောင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်အိမ်ထောင်စုများအားလည်းကောင်း၊ အမှတ်(၁)ရပ်ကွက် မိုးလုံလေလုံအားကစားခန်းမ ယာယီရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်အိမ်ထောင်စုများအားလည်းကောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ယာယီရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်အိမ်ထောင်စုများအားလည်းကောင်း၊ အမှတ်(၅)ရပ်ကွက် Cyclone Shelter ရှိ ရေဘေးရှောင်အိမ်ထောင်စုများအားလည်းကောင်း သွားရောက်တွေ့ဆုံအားပေးပြီး ဆန်ရိက္ခာဖိုးငွေနှင့် ဆန်၊ ဆီ၊ ကြက်ဥ အစရှိသော စားသောက်ကုန်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြကာ အဆိုပါရေဘေးစခန်းများတွင် စေတနာရှင်အလှူရှင်များ လာရောက်လှူဒါန်းကြသည့် စားသောက်ဖွယ်ရာများကို ရေဘေးသင့်ပြည်သူများထံ ဝေငှပေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၉) ရပ်ကွက်၊ ပြည်နယ်ကမ္မဌာန်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသုဇာတအား ဖူးမြော် ကြည်ညို၍ အဆိုပါကျောင်းတိုက်ယာယီရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စုများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ဆန်ရိက္ခာဖိုးငွေနှင့် စားသောက်ကုန်ပစ္စည်းများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယနေ့အထိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ထားရှိမှုအနေဖြင့်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန်ရိက္ခာနှင့်ခေါက်ဆွဲခြောက်ဖိုးငွေ ၇၄၁၅၃၂၅ဝိ/-(ခုနှစ်ရာလေးဆယ့်တစ် သိန်းငါးသောင်းသုံးထောင်နှစ်ရာ့ငါးဆယ်ကျပ်)နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကျပ် ၉၉ ဒဿမ ၃၉ သန်းတန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများအား ချီးမြှင့်ပေးအပ်ထားရှိပြီး  ဆက်လက်ချီးမြှင့် ပေးအပ်သွားမည်ဖြစ်ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မဲခေါင်-လန်ချန်းအကူအညီဖြင့်ဆောင်ရွက်မည့် အသိပညာပေးစင်တာနှင့်သိုလှောင်ရုံ တည်ဆောက်မည့် မြေနေရာအားလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှဆောင်ရွက်ထားရှိသည့် လူငယ်စင်တာအားလည်းကောင်း သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရိပ်သာ အစည်းအဝေးခန်းမ၌ ကရင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့်လုပ်ငန်းအဖွဲ့များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဘားအံမြို့၊ ရေကြီးရေလျှံမှုလျော့ပါးရေးအတွက် ဘားအံ-ကော့ထော်ရွာသစ် ရေဘေးကာကွယ်ရေးတမံတည်ဆောက်ရေး ၊ သံလွင်မြစ်အတွင်း သောင်တူးဖော်ခြင်း လုပ်ငန်းနှင့် ကော့လှိုက်ကျေးရွာကမ်းပြိုကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)