၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မြဝတီ သြဂုတ် ၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်၌ ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသည့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၁)ဦးနှင့် (၃)ဘာသာဂုဏ် ထူးဖြင့်ထူးချွန်စွာအောင်မြင်သည့် ကျောင်းသူ(၁)ဦး စုစုပေါင်း(၁၂)ဦးတို့နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (Grade-11)လူရည်ချွန်ကျောင်းသား(၁)ဦးတို့အား လည်းကောင်း၊ သင်ကြားပြသပေးခဲ့သော ဆရာ၊ ဆရာမများအားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြဝတီမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအကျိုးတော်ဆောင်နာယက ဦးစိန်သောင်း၊ ခရိုင်ပညာရေးမှူးဦးစောဝါးလယ်ထူးနှင့် မြို့နယ်ပညာရေးမှူးဦးမိုးကျော်တို့က အဖွင့်အမှာစကားနှင့်အတူ မုဒိတာစကားတို့ဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။

ဆက်လက်ပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာရပ်များဖြင့် ထူးချွန်စွာအောင်မြင်သည့်(၃)ဘာသာဂုဏ်ထူးရှင်ကျောင်းသူ မအိရတနာထွန်းနှင့် လူရည်ချွန်(Grade-11)ကျောင်းသား မောင်မျိုးမင်းနိုင်တို့အားလည်းကောင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူ(၁၁)ဦးတို့နှင့် သင်ကြားပြသပေးခဲ့သည့် ဆရာမများအားလည်းကောင်း တာဝန်ရှိသူအသီးသီးမှ ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ကြပြီး (၃)ဘာသာဂုဏ်ထူးရှင် မအိရတနာထွန်းက ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပပေးခြင်းနှင့်သင်ကြားပြသပေးခဲ့ကြသောမိဘဆရာများအား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ အခမ်းအနားပြီး​မြောက်ခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)