မအူပင်မြို့၌ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ (စုပေါင်းလိပ်ပြာခေါ်ပွဲ) အခမ်းအနားကျင်းပ

မအူပင် ဩဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ (စုပေါင်းလိပ်ပြာခေါ်ပွဲ)အခမ်းအနားအား ယနေနံနက် (၉) နာရီက အမှတ် (၁၁) ရပ်ကွက်ရှိ မှန်ပင်ပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းဩဝါဒနာယက မှန်ပင်ပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော်ဥူးနန္ဒမာလာမှ မင်္ဂလာဖားစည် (၉) ချက်တီး၍ အခမ်းအနားဖွင့်လှစ်ပေးပြီး ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း ဩဝါဒနာယကရွှေနောင်ဆရာတော်မှ အဖွင့်ဩဝါဒစကားမြွက်ကြားသည်။ ဆက်လက်၍ မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌဦးစောမြင့်ဟန်တို့မှ နှုတ်ခွန်းဆက်စကား ပြောကြားပြီး၊ ဝါခေါင်လချည်ဖြူဖွဲ့ခြင်း (စုပေါင်းလိပ်ပြာခေါ်ခြင်း)အကြောင်းနှင့် ကျင်းပပုံများ၊ ရှေးအစဉ်အလာအယူအဆများအား ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဒေါက်တာနန့်သီတာကျော်နှင့် ကရင်တိုင်းရင်းသားစာပေသင်ဆရာမ နော်လေးလေးဖောတို့မှ ဖတ်ကြားရှင်းလင်းတင်ပြသည်။ ယင်းနောက် ကရင်တိုင်းရင်းသား မောင်၊ မယ်များမှ လက်ချည်ဗန်းများ၊ ချည်ဖြူဖွဲ့ပေးမည့် အဖိုးအဖွားများအား သယ်ယူခေါ်ဆောင်၍ ချည်ဖြူဖွဲ့မင်္ဂလာ (စုပေါင်းလိပ်ပြာခေါ်ပွဲ)ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း ဩဝါဒနာယကဆရာတော်များ၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကရင်တိုင်းရင်းသားမောင်မယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)