တောင်တွင်းကြီး သြဂုတ် ၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့ပေါ် ရပ်ကွက်(၂)ခုတွင် ယမန်နေ့နံနက် ၇ နာရီအချိန်ကစ၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့်စာရေးများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ သွေးလွန်တုပ်ကွေးကြိုတင် ကာကွယ်ရေး လုပ်ငန်း ဖြစ်သည့် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး နှင့် ကျန်းမာရေး မှူးများ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်စာရေးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့တို့က သက်ဆိုင်ရာစုရပ်များမှ စတင်၍ လူနေအိမ်များမှ ရေတွင်း၊ ရေကန်များ၊ ဘုရားညောင်ရေအိုးများအား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အသုံးမပြုသောရေအိုးရေခွက်များ၊ တာယာကွင်းများထဲသို့ ရေဝင်ရောက်ပြီး ခြင်ပေါက်ပွား နိုင်သည့်အတွက် စနစ်တကျထားရှိကြရန် အသိပညာပေးဟောပြောခြင်း၊ အဘိတ်ဆေးခတ် ခြင်းတို့ကို ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)