ကျွန်းလှ ဩဂုတ် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက် သီးနှံစုံ ဧက(၅၀၀)ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ဒီနှစ်မိုးရာသီမှာ ဟင်းသီးဟင်းရွက် သီးနှံစုံစိုက်ပျိုးဖို့ (၅၁၂)ဧက လျာထားပြီး လက်ရှိအချိန်ထိ (၅၁၇)ဧက (၁၀၀ ဒဿမ ၉၈) ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ပါတယ်။ တောင်သူတွေ စိုက်ပျိုးရာမှာ GAP နည်းစနစ်နဲ့ စိုက်ပျိုးရေး၊ ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းအသိပညာပေးလျက်ရှိပါတယ်” ဟု ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အထွက်နှုန်းကောင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ဓာတုကင်းလွတ်သီးနှံရရှိရေး၊ သဘာဝမြေဩဇာ၊ သဘာဝအားဆေး၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးနှင်ဆေးပြုလုပ်သုံးစွဲရေး အသိပညာပေးလျက်ရှိသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးရာသီ၌ ဟင်းသီးဟင်းရွက်သီးနှံအဖြစ် ခဝဲ၊ ဗူး၊ ဖရုံ၊ သခွား၊ ပြောင်းချို၊ ခရမ်း၊ ရုံးပတီ၊ ကန်ဇွန်း၊ ငရုတ် စသည့်သီးနှံများ စိုက်ပျိုးကြကြောင်း၊ ဒေသခံတော်သူများ ဝင်ငွေရရှိပြီး အလုပ်အကိုင်အခွင့်လမ်းများ ရရှိနေကြကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)