မုံရွာ ဩဂုတ် ၂
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁ ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရီးသွား/ကုန်တင်ယာဉ် မော်တော်ယာဉ်လိုင်းများ၊ ရေယာဉ်လိုင်းများ၊ ကုန်မာဆိုင်များ၊ တယ်လီဖုန်းနှင့်လျှပ်စစ်ပစ္စည်းများဆိုင်များ၊ ပေပါခွံရောင်းဝယ်ရေးဆိုင်များ၊ ဘက်ထရီအိုးနှင့် ဆိုလာအရောင်းဆိုင်များ၊ အင်္ဂလိပ်/မြန်မာဆေးဆိုင်များမှ လုပ်ငန်းရှင်များနှင့် ကုန်သည်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး၊ ပို့ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးတို့အတွက် တာဝန်ရှိသူများနှင့်ပူးပေါင်းကာ အလေးထား ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့်လည်း ကုန်စည်များ သည်ဆောင်ရာတွင် လမ်းခရီး၌မလိုအပ်သည့် ကုန်ကျစရိတ်များ မရှိစေရေးနှင့် မှန်ကန်မြန် ဆန်ရောက်ရှိမှသာ ဈေးကွက်၏ဝယ်လိုအားအပေါ် ရောင်းလုပ်အားညီမျှနေမှသာ ကုန်စည်ဈေးနှုန်းများ ဈေးတတ်ခြင်း၊ သိုလှောင်အမြတ်တင်ရောင်းချခြင်းများ မဖြစ်ပေါ်မှာဖြစ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းရှင်ကုန်သည်များမှလည်း တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်လာခြင်းမပြုကြရန်နှင့် မိမိတို့ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများအပေါ် ပွင့်လင်းမြင်သာစွာဖြင့် ဆွေးနွေးတင်ပြသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ခရီးသွား/ကုန်တင်ယာဉ် မော်တော်ယာဉ်လိုင်းများ၊ ရေယာဉ်လိုင်းများ၊ ကုန်မာဆိုင်များ၊ တယ်လီဖုန်းနှင့်လျှပ်စစ် ပစ္စည်းများဆိုင်များ၊ ပေပါခွံရောင်းဝယ်ရေးဆိုင်များ၊ ဘက်ထရီအိုးနှင့်ဆိုလာအရောင်းဆိုင်များ၊ အင်္ဂလိပ်/မြန်မာဆေးဆိုင်များမှ လုပ်ငန်းရှင်များနှင့် ကုန်သည်များမှ မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေသည့် ကုန်စည်များတင်ပို့၊ ရောင်းချ၊ ဖြန့်ဖြူးပေးနေမှု၊ ပြည်သူများသို့ ကုန်စည်များရောင်းချပေးနေမှု အခြေအနေများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးလိုမှု လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက် မိမိတို့သတ်ဆိုင်ရာဌာနများအလိုက် ပူးပေါင်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေး ပြောကြားကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ် ဖြင့်လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မိမိတို့ ခရိုင်များအလိုက် မြို့နယ်များအတွင်း ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)