ကျွန်းလှမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်

ကျွန်းလှ ဩဂုတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်တောင်မိခင်များနှင့် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယမန်‌နေ့က မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ကျွန်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်များအား ဆုံဆို့နှင့် မေးခိုင်ရောဂါကာကွယ်ဆေး၊ အသက်နှစ်အောက် ကလေးငယ်များအား အသက်အပိုင်းအခြားအလိုက် ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ထိုးနှံတိုက်ကျွေးပေးကြသည်။

ထို့အပြင် သက်ကြီးဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချို စစ်ဆေးပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများကို အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)