တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း (Grade-12) အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

ပုသိမ် ဩဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း (Grade-12) အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးသည် အခြေခံပညာ ကျောင်းဖွင့်လှစ်မှု၊ ကျောင်းတက်ရောက်မှုများပြားသည့် တိုင်းဒေသကြီး ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်သော တာဝန်ရှိသူများက နှစ်စမှပင် ရည်မှန်းချက်ထားဆောင်ရွက်ရန်လိုပါကြောင်း၊ ယခုအလုပ်ရုံ ဆွေးနွေးပွဲမှရရှိခဲ့သည့် ရလဒ်များကို အကောင်အထည်ဖော်သွားရန်နှင့် ဘက်စုံပညာရေးစနစ်အား အကောင်အထည်ဖော်နိုင်ရန် ဆရာ၊ ဆရာမများ၏ စွမ်းဆောင်နိုင်မှုသည် အလွန်အရေးပါသော အခန်းကဏ္ဍမှ ရပ်တည်နေပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြရန်” အမှာစကား ပြောကြားခဲ့သည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း (Grade-12) အောင်ချက်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အထက်တန်းကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ စုစုပေါင်း (၂၆၀)ဦးက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားအောင် ဆောင်ရွက်ခဲ့သည့် အစီအမံများ၊ ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း မြင့်မားရေးအတွက် စိစစ်လေ့လာဖော်ထုတ်ချက်အားဆွေးနွေးခြင်း၊ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ဆွေးနွေးခြင်း၊ မှတ်တမ်းပြုစုတင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲယှဉ်ပြိုင်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ရာ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ် အဖြစ် မကွေးတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားမှု၊ အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲအကြို ဗိုလ်လုပွဲစဉ်အဖြစ် ကရင်ပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားမှု၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ တတိယနေရာပြိုင်ပွဲ အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားမှုများအား ကြည့်ရှုအားပေးခဲ့သည်။ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဧရာဝတီတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိပြီး ပြိုင်ပွဲများကို ယခုလ (၇)ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်သည်။

လှမင်းထွဋ်(ပြန်/ဆက်)