ကျွန်းစုမြို့၌ သီးနှံအခြေခံ နှင့် ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက် အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်

ကျွန်းစု ဩဂုတ် ၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြိတ်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့် လုပ်ငန်းအဖြစ် သီးနှံအခြေခံနှင့် ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက် အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကပကျေးရွာအုပ်စု၊ ကပကျေးရွာ (Smart Village) ၌ ဖွင့်လှစ်သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သူသူစံက စီမံကိန်းလုပ်ငန်း အကြောင်းအရာများနှင့် စပ်လျဉ်း၍ ပြောကြားသည်။

ထို့နောက် သင်ထောက်ကူပစ္စည်းများအား လွှဲ‌ပြောင်းပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်း ဓါတ်ပုံ ရိုက်ကူးခဲ့ကာ သင်ထောက်ကူပစ္စည်းများအား တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့သည်။ သင်တန်းကို အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းအဖြစ် ဩဂုတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ ၁၈ မျိုးကိုလည်းကောင်း၊ ဩဂုတ်လ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ  ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက် အခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာ ၁၅ မျိုး တို့ကိုလည်းကောင်း စာတွေ့လက်‌တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ကျေးရွာအတွင်းမှ စိတ်ပါဝင်စားသူ ၁၅ ဦး တက်ရောက်လေ့လာသင်ယူလျက်ရှိကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)