စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

မုံရွာ ဩဂုတ် ၂

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးဝန်းအတွင်းရှိ မြသလ္လာခန်းမတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသာ/သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် လွတ်လပ်၍ တရားမျှတပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ်အား ဖော်ဆောင်ပေးနိုင်ရေးအတွက် အဖက်ဖက်မှ အထူးအလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အသက် ၁၈နှစ်ပြည့် လူဦးရေစာရင်းများအား သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်/ ကျေးရွာအုပ်စုအဆင့်အထိ ပြန်လည်စီစစ်၍ လျာထားမဲရုံများအလိုက် မဲစာရင်းများပြုစု နိုင်ရေး၊ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များ၌ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များ ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် မဲပေးစက်နှင့်စပ်လျဉ်း၍ သေချာစွာလိုက်နာမှတ်သားပြီး သိရှိတတ်ကျွမ်းကာ ရွေးကောက်ပွဲကာလတွင် အဆိုပါ မဲပေးစက်များအား လက်တွေ့အသုံးပြုရာ၌ အခက်အခဲမရှိ အမှားမယွင်းကင်းစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ တိုင်းဒေသကြီး ရွေးကောက်ပွဲအရာရှိ ဦးကိုကိုဦးက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)