ကျိုက်လတ် ဩဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်စေရေး၊ ပိုးလောက်လန်းများ ပေါက်ပွားမှု မရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် လိုက်လံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ ဦးဆောင်၍အသင်းအဖွဲ့များက အမှတ်(၂)ရပ်ကွက် အတွင်းရှိ နေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်များအလွယ်တကူ ပေါက်ပွားနိုင်သည့် ရေတွင်း၊ ရေကန်များ၊ ဘုရားပန်းအိုးများ၊ ရေစည်၊ ရေပုံးများ၊ ရေလောင်းအိမ်သာများတွင် ပိုးလောက်လန်းများ ပေါက်ပွားမှု မရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းနှင့် ပညာပေးလုပ်ငန်းများ၊ တာယာခွံများ၊ ရေဗူးများတွင် ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများနှင့် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကျန်ရှိသည့် အခြေခံပညာကျောင်းများနှင့် ရပ်ကွက်၊ ကျေးရွာများတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မင်းအောင် (ပြန်/ဆက်)