မြို့သစ် သြဂုတ် ၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများ သာမက ရာသီအလိုက် ကာလတို/ကာလရှည် သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရောင်းချချိန် ခရမ်းချဉ်သီး ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း သိရသည်။
ခရမ်းချဉ်သီးနှံသည် ပျိုးထောင်သည့်အချိန်မှ စတင်ပြီး ခူးဆွတ်ရောင်းချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားဖြစ်ပြီး စိုက်ပျိုးမြေ အမျိုးအစားနှင့် ရာသီဥတု အခြေအနေ ပေါ် မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများ အသုံးပြုရကြောင်း ခရမ်းချဉ်စိုက်ပျိုးသူထံက သိရသည်။
ခရမ်းချဉ်မျိုး(၂)ထုပ် စိုက်ပျိုးပါက ငွေကျပ်ခွန်နှစ်သိန်းမှ ရှစ်သိန်းဝန်းကျင်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ရက်ငါးဆယ်ဝန်းကျင်တွင် အသီးများ စတင်ခူး ဆွတ်ရောင်းချရကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းက တစ်ပိဿာ (၁၀၀၀)ကျပ်စျေးနှင့် အောက်ရောင်းချရသော်လည်း ယခုပေါက်စျေး တစ်ပိဿာ (၂o၀၀-၂၅၀၀)ကျပ် စျေးရရှိကြောင်း၊ (၂)ရက်ခြား တစ်ကြိမ် ခူးဆွတ်ရသဖြင့် နေ့စဉ်နီးပါး ဝင်ငွေရရှိသော်လည်း စျေးနှုန်းများ ကျဆင်းနေကြောင်း ၎င်းက ဆက်လက်ပြောသည်။
မြို့သစ်မြို့နယ်တွင် စီးပွားဖြစ် ခရမ်းချဉ်သီး စိုက်ပျိုးသူများအနေဖြင့် ဗမာခရမ်းချဥ်သီးနှင့် ထိုင်ဝမ်ခရမ်းချဉ်မျိုးများကို နေရာခွဲကာစိုက် ပျိုးကြကြောင်းနှင့် ခရမ်းချဉ်များသည် အခွံထူအထားခံမျိုးဖြစ်သောကြောင့် စိုက်ပျိုးမည်ဆိုပါက ဦးစွာ သဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ကွန်ပေါင်းဓာတ်မြေဩဇာများနှင့် မြေပြုပြင်ထားမှသာ အပင်ဖြစ်ထွန်းမှုကောင်းပြီး အသီးထွက်နှုန်း ကောင်းမွန်ကြောင်း သိရသည်။
သန်းဝင်းထွန်း (မြို့သစ်)