အောင်လံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်လှစ်

အောင်လံ ဩဂုတ် ၂

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အောင်လံမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပခဲ့ရာ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေး/ကော်အဖွဲ့ဝင်ဌာနဆိုင်ရာများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် အောင်လံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဒေါ်မွန်မွန်အုန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ခရိုင်ရွေးကောက်ပွဲအရာရှိ ဒေါ်နေဝါလှိုင်က မြန်မာအီလက်ထရောနစ် မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၅၇၀) ဦးအား ဩဂုတ် ၂ ရက်နေ့မှ ၁၁ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ ဆယ်ရက်တာကာလ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)