မြောင်းမြ သြဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား ဇွန်လ (၂) ရက်နေ့မှစ၍ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက် ၇နာရီက အောင်ဆန်းလမ်းနှင့် (၇) လမ်းဒေါင့်တွင် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥနှင့်ဘဲဥများအား မြောင်းမြခရိုင် ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီမှ စျေးရောင်းအဖွဲ့ (၅) ဖွဲ့အား ဖွဲ့စည်းတာဝန်းပေး၍ မိမိတို့ တာဝန်ကျသည့်နေ့တွင် ဆန်-သီးထပ်ရင် တစ်ပြည်လျှင် (၂၀၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ စားအုန်းဆီတစ်ပိဿာလျှင် (၆၈၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် (၃၅၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဘဲဥတစ်လုံးလျှင် (၄၃၀) ကျပ်နှုန်းဖြင့်လည်းကောင်း မူလစျေးနှုန်း အောက်လျှော့ချ၍ ရောင်းချပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်များအား ယမန်နေ့တွင် မြောင်းမြခရိုင်/ မြို့နယ်စီမံကိန်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် ပြည်တွင်အခွန်ဦးစီးဌာနစျေးရောင်းအဖွဲ့တို့မှ ဆန် (၄၀) အိတ်၊ စားအုန်းဆီ (၁၁၀) ပိဿာ၊ ကြက်ဥ (၁၅၀၀) လုံးနှင့် ဘဲဥ (၃၀၀) လုံးတို့အား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)