ဟင်္သာတမြို့နယ်တွင် ၂ဝ၂၅ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်း အခမ်းအနား ကျင်းပ

ဟင်္သာတ ဩဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ၂ဝ၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်း အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီတိုင်းဒေသကြီး တိုင်းမန်နေဂျာ ဦးဝင်းနိုင်၊ ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်းနှင့် တာဝန်ရှိသူမျာ၊ မြန်မာ့အာမခံလုပ်ငန်း ခရိုင်တာဝန်ခံ ဦးဝင်းဌေးမောင်နှင့် ဝန်ထမ်းများ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းနှင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် တောင်သူများ၊ တက်ရောက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊  တိုင်းမန်နေဂျာ ဦးဝင်းနိုင်က ၂၀၂၅-ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရေးနှင့် ပတ်သတ်၍ တောင်သူများ သိသင့်သိထိုက်သည့် အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြန်မာ့အာမခံလုပ်ငန်း ဟင်္သာတခရိုင် တာဝန်ခံ ဦးဝင်းဌေးမောင်က သီးနှံအာမခံထားရှိရေးကိစ္စနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့သည်။ ၎င်းနောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တိုင်းမန်နေဂျာ ဦးဝင်းနိုင်နှင့် ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများမှ ၂၀၂၅-ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေအား ပေးအပ်ခဲ့ရာ ကျေးရွာအုပ်စုများမှ တက်ရောက်လာကြသော တောင်သူများမှ အသီးသီးလက်ခံရယူခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)