ကယားပြည်နယ် စက်မှုဇုန်နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များ တွေဆုံပွဲ လွိုင်ကော်တွင် ကျင်းပ

လွိုင်ကော် ဩဂုတ် ၁

ကယားပြည်နယ်၊ လွိုင်ကော်စက်မှုဇုန်ရှိ လုပ်ငန်းများ အရှိန်အဟုန်ဖြင့် လည်ပတ်နိုင်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယနေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့နှင့် လွိုင်ကော်စက်မှုဇုန်လုပ်ငန်းရှင်များ၊ ဆန်၊ ဆီ၊ ပြောင်းလုပ်ငန်းရှင်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းရှင်များနှင့် တွေဆုံပွဲကျင်းပရာ ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယက၊ စက်မှုဇုန်စီမံခန့််ခွဲမှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အေဂျင်စီအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ MSME လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်းလာပြီဖြစ်၍ ပြည်နယ်အတွင်း MSME လုပ်ငန်းများ ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် လွိုင်ကော်စက်မှုဇုန်အတွင်းရှိ စက်မှုလုပ်ငန်းများအရှိန်အဟုန်ဖြင့် လည်ပတ်လုပ်ကိုင်နိုင်ရန်အတွက် အခက်အခဲများ၊ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးနိုင်ရန် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ထို့အတူ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်စေရန်နှင့် ထုတ်ကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ယှဉ်ပြိုင်ရောင်းချ နိုင်ရန် လိုအပ်သည့် နည်းပညာနှင့် ဈေးကွက်ရရှိရေး၊ MSME ချေးငွေအကူအညီများ ရယူနိုင်ရေး သက်ဆိုင်ရာဌာနများမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  စသည်ဖြင့် ပြောကြားသည်။

ထို့နောက် လွိုင်ကော်စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းအောင်ထွန်းက လွိုင်ကော်စက်မှုဇုန်လုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နိုင်မည့်အခြေအနေ၊ ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးသိန်းလွင်က အသင်းအနေဖြင့် ကူညီချိတ်ဆက်ပေးမည့်အခြေအနေ၊ ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးထွန်းနိုင်စိုးက လုပ်ငန်းများလည်ပတ်ဆောင်ရွက်နေမှု၊ ပြည်နယ်ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြည်နယ်အတွင်း ဆန်စပါး စီးဝင်စီးထွက်မှုများ၊ ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးတင်မင်းနိုင်က ပြည်သူများသို့ စားသုံးဆီဖြန့်ဖြူးပေးနေမှုများနှင့် ပြည်နယ်ပြောင်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ ဦးနေသူလွင်က ပြောင်းသီးနှံ စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့မှုအခြေအနေများအား အသီးသီးဆွေးနွေးတင်ပြကြသည်။

ထို့‌နောက် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအလိုက် လိုအပ်ချက်များတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကာ လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)