တောင်ငူ ဩဂုတ် ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ရေဘေးရှောင်စခန်း(၂၉)ခုရှိ အိမ်ထောင်စု (၃၀၀၂)စု၊ လူဦးရေ (၁၁၉၄၂)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ စီစဥ်မှုဖြင့် တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာ (၇)ရက်စာ ထောက်ပံ့ပေးအပ်ခြင်းကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက ရွှေဆံတော်ဇာတ်ရုံ ရေဘေးရှောင်စခန်း၌ ကျင်းပသည်။
ဦးစွာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ်မှူး ဗိုလ်မှူးချုပ်စွမ်းလှိုင်မင်း၊ တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မေချိုသက်ပိုင်ဝင်းနှင့် ဝန်ထမ်းများက ရေဘေးရှောင်ပြည်သူများကို တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ရေဘေးရှောင်စခန်း (၁၈)ခုမှ လူဦးရေ (၆၄၅၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ၊ တစ်ဦးလျှင် ငွေကျပ် ၅၀၀၀နှုန်းဖြင့် ငွေကျပ် (၃၂၂၇၀၀၀၀/-)ကို ထောက်ပံ့ပေးအပ်သည်။ ကျန်ရှိနေသေးသည့် တောင်ငူမြို့နယ်ရှိ ရေဘေးရှောင်စခန်း (၁၁)ခုမှ လူဦးရေ (၅၄၈၈)ဦးတို့ကို ဆက်လက်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း တောင်ငူတပ်နယ်မှူး ဗိုလ်မှူးချုပ်စွမ်းလှိုင်မင်းက ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက ရေဘေးရှောင်စခန်းများရှိ ပြည်သူများအား ဆန်ရိက္ခာ (၇)ရက်စာထောက်ပံ့ပေးအပ်၍ ရေထဲမျောပါသေဆုံးသူနှစ်ဦးတို့အတွက် သေဆုံးသူတစ်ဦးလျှင် ငွေကျပ်(၃)သိန်းနှုန်းဖြင့် ငွေကျပ် (၆)သိန်းကို သေဆုံးသူမိသားစုများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်းနှင့် ရေဘေးရှောင်စခန်းများ၌ သောက်ရေသန့်၊ သုံးရေ၊ ချက်ပြုတ်ကျွေးမွေးရန် စီစဉ်ဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)