ပေါင်းတည် ဩဂုတ် ၁
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ၁၂၈ ကြိမ်မြောက် မြတ်စွယ်တော်လှည့်လည်အပူဇော်ခံပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓမြတ်စွယ်တော်ပွဲကို ကျင်းပမြဲဖြစ်သည့် တော်သလင်းလဆန်း ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပနိုင်ရေးအတွက် ပေါင်းတည်မြို့ ရွှေကျောင်းကြီးတိုက်ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တသုန္ဒရ၏ဩဝါဒဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ လူမှုအဖွဲ့များ၊ မြတ်စွယ်တော်ဂေါပကအဖွဲ့များ ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
ပေါင်းတည် ဗုဒ္ဓမြတ်စွယ်တော် လှည့်လည်အပူဇော်ခံပွဲသည် သိကျမုနိမိုဃ်းကောင်းဘုရားကြီးတိုက်အတွင်းရှိ မြတ်စွယ်တော်တိုက်အတွင်း တစ်နှစ်တာ ကိန်းဝပ်စံပယ်လျက်ရှိသည့် ဗုဒ္ဓစွယ်တော်မြတ်အား ရဟန်းရှင်လူပြည်သူများ ဖူးမျှော်ကြည်ညိုနိုင်စေရန် နှစ်စဉ်တော်သလင်းလဆန်း ၁၃ ရက်နေ့၌ ဖွင့်လှစ်ကာ မြို့ပေါ် ၁၂ ရပ်ကွက်သို့ ဗုဒ္ဓမြတ်စွယ်တော်အား ဆင်တော်ဖြင့်ပင့်ဆောင်ကာ သာသနာ့အလံကိုင်များ၊ ဒေဝါဝင်း၊ ရာဇာဝင်းတို့ခြံရံလျက် ဝတ်ရွတ်ယောဂီအသင်းအဖွဲ့များ၊ ဗုဒ္ဓဝင်ဇာတ်နိပါတ်ယာဥ်များ၊ ယိမ်းကားများဖြင့် ဆင်ယင်လိုက်ပါကာ စည်ကားသိုက်မြိုက်စွာ လှည့်လည်အပူဇော်ခံသည့် နိုင်ငံတစ်ဝန်း ထင်ရှားသည့်ပွဲတော် ဖြစ်သည်။
ရွှေသား (IPRD)