ချောင်းသာ ဩဂုတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ကြီးကြပ်မှု၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ဇူလိုင်လ ၇ ရက်နေ့မှ ဩဂုတ်လ ၁ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း(၄)မျိုး ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက AZURA Resort Hotel ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေမှူး ဦးအောင်သူဦးက အဖွင့်အမှာစကားပြောကြားကာ Front Office သင်တန်းနှင့် Housekeeping သင်တန်းများအတွက် အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ချောင်းသာမြို့ အုပ်ချုပ်ရေးမှူး ဦးသီဟအောင်က Food & Beverage (Service)သင်တန်းနှင့် Food & Beverage (Production)သင်တန်းများအတွက် အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၄)မျိုးကို ချောင်းသာဟိုတယ်ဇုန်၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွင်းရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဟိုတယ်များမှ ပြီးပြည့်စုံသော ဝန်ဆောင်မှုများပေးနိုင်ရေးအတွက် ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ကြီးကြပ်မှု၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး Front Office သင်တန်းတွင် သင်တန်းသား (၃၉) ဦး၊ Housekeeping သင်တန်းတွင် သင်တန်းသား (၄၀)ဦး၊ Food & Beverage (Service) သင်တန်းတွင် သင်တန်းသား (၃၀) ဦးနှင့် Food & Beverage (Production) သင်တန်းတွင် သင်တန်းသား (၃၂) ဦး၊ စုစုပေါင်း သင်တန်းသား (၁၄၁) ဦး တက်ရောက်အောင်မြင်ခဲ့ကြောင်း သိရသည်။
ကျော်ဟိန်း