ဘားအံ ဩဂုတ် ၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဩဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့နှင့်ဘားအံမြို့ပေါ်ရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများရှိ အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုးငွေနှင့် စားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးကျေးရွာရှိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေဖြင့် ဆောက်လုပ်ထားသော Cyclone Shelter တွင်ဖွင့်လှစ်ထားသော ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားပြီး ဆန်ရိက္ခာဖိုးငွေနှင့် စားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့၊ အောင်ဆန်းခန်းမ ယာယီရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်အိမ်ထောင်စုများအားလည်းကောင်း၊ လှိုင်းဘွဲမြို့၊ နယ်မြေခံတပ်နယ်ခန်းမရှိ ရေဘေးသင့်မိသားစုဝင်များအားလည်းကောင်း သွားရောက်တွေ့ဆုံအားပေးပြီး ဆန်ရိက္ခာဖိုးငွေနှင့် စားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ်သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့ (ဃ) ရပ်ကွက် အနိမ့်ပိုင်းနေရာများတွင် လူနေအိမ်များအတွင်း ရေများဝင်ရောက်နေမှု၊ သက်ဆိုင်ရာ တာဝန်ရှိသူများက ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းများသို့ ယာယီပြောင်းရွှေ့နေရာချထားပေးမှုများကို စက်တပ်လှေငယ်များဖြင့် လှည့်လည်ကြည့်ရှုကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ယာယီရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူများအားလည်းကောင်း၊ ဘားအံမြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူများအားလည်း ကောင်း သွားရောက်တွေ့ဆုံအားပေးပြီး ဆန်ရိက္ခာဖိုးငွေနှင့်စားသောက်ကုန်ပစ္စည်းများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၏ အနိမ့်ပိုင်းနေရာများ ဖြစ်သော အမှတ် (၅) ရပ်ကွက်၊ အောင်နန်း၊ အမှတ် (၁) ရပ်ကွက်၊ အုပ်ဖို၊ အမှတ် (၂) ရပ်ကွက် ဆယ်အိမ်စုတို့တွင် ရေများဝင်ရောက်၍ ရေကြီးရေလျှံဖြစ်ပွားမှု၊ လူနေအိမ်များအတွင်းရေဝင်ရောက်မှု၊ ၎င်းတို့၏နေအိမ်များအားစွန့်ခွာ၍ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများတွင် သွားရောက်နေထိုင်မှုများကို စက်တပ်လှေငယ်များဖြင့် လိုက်လံကြည့်ရှုကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
ကရင်ပြည်နယ်အတွင်း ရေဘေးစတင်ဖြစ်ပွားသည့်အချိန်မှစ၍ ယနေ့အချိန်ထိ ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၅၉) ခု ဖွင့်လှစ်၍ အိမ်ထောင်စု ၇၂၅၃ စု၊ လူဦးရေ ၃၂၂၂၇ ဦးတို့အား ယာယီပြောင်းရွှေ့နေရာချထားပေးခဲ့ကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အိမ်ထောင်စု ၂၇၄၈ စု၊ လူဦးရေ ၁၁၅၇၅ ဦးအား ဆန်ရိက္ခာနှင့်ခေါက်ဆွဲခြောက်ဖိုးငွေ ၅၈၇၆၈၂၅ဝိ/-ကျပ်ကို ချီးမြှင့်ပေးအပ်ခဲ့ပြီးဖြစ်ရာ ကျန်ရှိသည့်အိမ်ထောင်စုများကိုလည်း ဆက်လက်ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)