ဟုမ္မလင်းမြို့၌ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

ဟုမ္မလင်း ဩဂုတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် အပတ်စဥ်သောကြာနေ့တိုင်း သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့နံနက်(၈)နာရီမှ (၁၂)နာရီထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသက်ကြီးဘိုးဘွားများကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသဆောင်ရွက်ခြင်းကို ဟုမ္မလင်းမြို့ခုတင် (၁၀၀) ဆံ့ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်ဆွေနှင့် တာဝန်ကျဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက သက်ကြီးရွယ်အိုများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ မကူးစက်ခင် ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ ရောဂါအခံရှိသူ သက်ကြီးဘိုးဘွား စုစုပေါင်း(၆၀)ဦးအား အခမဲ့စောင့်ရှောက်ကုသပေးခဲ့ကြောင်း သိရသည်။       

ထို့နောက် ဟုမ္မလင်းမြို့နယ်‌ မြေစာရင်းဦးစီးဌာန၊ ဦးအောင်ချစ်(မြေတိုင်း-၄)မှ သက်ကြီးဘိုးဘွားများအား၊ ကြာဆံဟင်းခါး၊ အာဟာရဒါနနှင့် ဆေးအလှူတော်ငွေ(၅)သိန်းကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။                    

မြို့နယ်(ပြန်/ဆက်)