ဟင်္သာတတက္ကသိုလ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဟင်္သာတ ဩဂုတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတတက္ကသိုလ်၊ ပင်မလေးထပ်ဆောင် ဘွဲ့နှင်းသဘင်ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ် ရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လည်ပိုင်းက အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲအခမ်းအနားတွင် ဟင်္သာတတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာ ခိုင်ခိုင်စန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ခရိုင်ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်စစ်ဆေးရေးမှူး ဦးဝေဇင်လတ်က ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းဆိုင်ရာ အမှတ်အသားရုပ်ပုံများ၊ မော်တော်ယာဉ် စနစ်တကျမောင်းနှင်မှုနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ယာဉ်တိုက်ခိုက်မှုဖြစ်စဉ်များအား အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်သိန်းက မူးယစ်ဆေးဝါးအန္တရာယ်နှင့် မသုံးစွဲသင့်သော ဓာတု ဆေးဝါးများအကြောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဟင်္သာတတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာ ခိုင်ခိုင်စန်း၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာ ချိုကြည်သန်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ မိုးမင်းစိုး၊ ဟင်္သာတခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်စစ်ဆေးရေးမှူး ဦးဝေဇင်လတ်၊ ဟင်္သာတမြို့မရဲစခန်းမှူးဒုရဲမှူး မြင့်သိန်း၊ ဟင်္သာတတက္ကသိုလ်မှ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)