မအူပင် ဩဂုတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်မအူပင်မြို့၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်း အခမ်းအနားအား ယမန်နေ့မွန်းတည့် ၁၂ နာရီက အမှတ်(၄) ရပ်ကွက်ရှိ တိုးရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် ဧရာဝတီတိုင်းဒေသကြီး မန်နေဂျာ ဦးဝင်းနိုင်မှ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြန်မာ့အာမခံလုပ်ငန်း၊ ဧရာဝတီတိုင်းဒေသကြီးမှ တိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွဋ်မှ တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တောင်သူလယ်သမားများအား အာမခံထားရှိနိုင်သည့် အမျိုးအစားများ၊ အာမခံထားရှိခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအား အကျယ်တဝင့် ပြောကြားခဲ့သည်။ ယင်းနောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဧရာဝတီတိုင်းဒေသကြီး မန်နေဂျာ ဦးဝင်းနိုင်၊ မြန်မာ့အာမခံလုပ်ငန်း၊ ဧရာဝတီတိုင်းတာဝန်ခံ ဦးသန်းထွဋ်နှင့် တာဝန်ရှိသူများမှ တက်ရောက်လာသည့်တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ခဲ့ကြရာ တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းသက်ဦး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်မန်နေဂျာ ဦးစိုးတင့်နှင့်ဝန်ထမ်းများ၊ မြန်မာ့အာမခံလုပ်ငန်း ခရိုင်တာဝန်ခံဒေါ်နီလာအေးနှင့်ဝန်ထမ်းများ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်သူများ စုစုပေါင်းအင်အား (၂၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်