ကန့်ဘလူမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများဆောင်ရွက်

ကန့်ဘလူ ဩဂုတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်ငါးခုမှ ကလေးငယ်များအား အသက်အရွယ်အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေး၊ အသည်းရောင်အသားဝါ (ဘီ)ပိုး ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက် ၊ဂျိုက်သိုး၊ ဝမ်းပျက်ဝမ်းလျော(ရိုတ)ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ် ဆေးများ ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုး၊ ဆေးတိုက်ရန်ကျန်ရှိသူများကိုလည်း သတ်မှတ်ရက်များအလိုက် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။

အောင်ဝင်းငြိမ်း