ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ချည်မျှင်ရှည်ဝါ (၁၇၈၇) ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

ပွင့်ဖြူ ဩဂုတ် ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ချည်မျှင်ရှည်ဝါ (၁၇၈၇) ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ချည်မျှင်ရှည်ဝါ (၁၇၅၅၅) ဧက စိုက်ပျိုးရန် လျာထားပြီး ဇွန်လမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် (၁၇၈၇) ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး လျာထားချက်ဧက ပြည့်မီစေရန် ဆက်လက်ကြိုးပမ်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ ချည်မျှင်ရှည်ဝါ (၁၇၅၅၅) ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့ထိ (၁၇၈၇) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး လျာထားချက်ဧကကိုလဲ ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးကြဖို့၊ အထွက်နှုန်းကောင်းစေဖို့၊ ပိုးမွှားရောဂါကင်းရှင်းဖို့၊ သွင်းအားစုများ စနစ်တကျသုံးစွဲကြဖို့ စိုက်ပျိုးရေး အသိပညာပေးတာတွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်အတွင်း ချည်မျှင်ရှည်ဝါ စိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး အသိပညာပေးလုပ်ငန်းများ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ချည်မျှင်ရှည်ဝါကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုပေးနိုင်သည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည် ဖြစ်သောကြောင့် ဒေသမရွေး ချည်မျှင်ရှည်ဝါကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ကြောင့် မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )