ကသာမြို့တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်များ တတိယအကြိမ် စုပေါင်းစိုက်ပျိုးပွဲပြုလုပ်

ကသာ ဩဂုတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် မိုးရာသီသစ်ပင်များ စုပေါင်းစိုက်ပျိုးခြင်းကို ယမန်နေ့နံနက် (၇)နာရီခွဲအချိန်က ကသာမြို့ ကျန်တော‌ကျေးရွာအုပ်စု၊ ကျန်တော- သိမ်အင်းကားလမ်းပေါ်ရှိ လမ်းဘေး ဝဲ၊ ယာတို့တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ကသာမြို့နယ်အနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းကို ယခုမိုးရာသီကာလအတွင်း တတိယအကြိမ်‌မြောက်စိုက်ပျိုးခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊  သစ်တောများပျက်စီးပြုန်းတီးမှုကို  ကာကွယ်နိုင်ရေးအတွက် ယခုကဲ့သို့ သစ်ပင်စိုက်ပျိုးပွဲတော်ကို ဆောင်ရွက်ရခြင်းဖြစ်သည်။ ကသာမြို့သည် သစ်တော၊ သစ်ပင်များကို ချစ်မြတ်နိုး‌သောဒေသခံပြည်သူများ၏ ကြိုးစားမှု၊ ဒေသဆိုင်ရာအုပ်ချုပ်မှုအဖွဲ့အစည်းများ၏ ပူးပေါင်းမှုတို့ကြောင့် ကသာမြို့တွင်းနှင့် နယ်နမိတ်ပတ်လည်တွင် သစ်ပင်များဖြင့် စိမ်းစိုသာယာလှပ‌နေသည့် မြို့တစ်မြို့ဖြစ်သည်။

အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက တက်ရောက်ခဲ့ကြပြီး သတ်မှတ်နေရာများ၌ စိန်ပန်းပင် စုစုပေါင်း(၂၀၀)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကျော်စွာထွန်း(ပြန်/ဆက်)