မင်းလှ ဩဂုတ် ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲ မဲပေးနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ သင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မင်းလှမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကားပြောကြားရာ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက်မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်လာစေရေးအတွက် တစ်စိုက်မတ်မတ် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်းက အီလက်ထရောနစ်မဲပေးစက် MEVM ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်စေရန်အတွက် သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မဲရုံအသီးသီးမှ မဲပေးစက်ကိုင်တွယ် အသုံးပြုရာတွင် ကျွမ်းကျင်ပိုင်နိုင်စေရေးအတွက် အလေးအနက်ထားကာ သင်ယူစေလိုကြောင်း ပြောကြားကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့ကျော်က ရွေးကောက်ပွဲတွင် MEVM မဲပေးစက်ဖြင့် မဲပေးရာတွင် လွယ်ကူစွာအသုံးပြုနိုင်စေရန် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းအား ရှင်းလင်းဆွေးနွေးပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက MEVM မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးကြသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM လက်တွေ့ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ သင်တန်းကို ဩဂုတ်လ ၁ ရက်နေ့မှ ဩဂုတ်လ ၈ ရက်နေ့အထိဖွင့်လှစ်၍ မဲရုံတွင်တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ စုစုပေါင်း ၁၁၇ ဦးအား သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)