မင်းဘူး ဩဂုတ် ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (The Whole Burma First) အမှတ်အများဆုံးရရှိသူအဖြစ် မြို့နယ်၏ဂုဏ်ကိုဆောင်နိုင်ခဲ့သည့် ကျောင်းသားတစ်ဦး ပထမဦးဆုံးထွက်ပေါ်ခဲ့ကြောင်း သိရသည်။
အလားတူ မင်းဘူးမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှလည်း (၆)ဘာသာဂုဏ်ထူးဖြင့် မြို့ဂုဏ်ဆောင်ကျောင်းသူတစ်ဦး ထွက်ပေါ်ခဲ့ရာ မင်းဘူး(စကု)မြို့နယ်အနေဖြင့် ဘာသာစုံဂုဏ်ထူးရရှိသူ ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦး စုစုပေါင်း (၂)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇူလိုင်လ ၂၇ ရက်က မြန်မာတစ်နိုင်ငံလုံး ထုတ်ပြန်ကြေညာခဲ့ရာ နိုင်ငံတော်အဆင့်အမှတ်အများဆုံး(သိပ္ပံတွဲ)ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် The Whole Burma First Winner ပထမဆုကို စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းမှ ရမှတ်ပေါင်း ၅၄၇ မှတ်ဖြင့် Top–1 ရရှိခဲ့သူ မောင်ဂျူးသက်ကို (ဖမဘ-၃၄၄)သည် အနာဂတ်တွင် ကလေးအထူးကု ဆရာဝန်ကြီးတစ်ဦးဖြစ်အောင် ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အတူ မင်းဘူးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ရမှတ်ပေါင်း ၄၉၅ မှတ်ဖြင့် မြို့နယ်အတွင်း ဘာသာစုံဂုဏ်ထူးရရှိခဲ့သူ မဟန်နွယ်မိုးဇင်(ဖမဘ-၁၅၂)သည်လည်း ဆေးတက္ကသိုလ်ကို တက်ရောက်သွားမည်ဖြစ်ကာ အနာဂတ်တွင် ကောင်းမွန်သည့် ဆရာဝန်ကောင်း တစ်ယောက်ဖြစ်အောင် ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းတို့၏ ပြောကြားချက်များအရ သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာနှစ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဘာသာစုံဂုဏ်ထူဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းမှ The Whole Burma First Winner ဆုရ မောင်ဂျူးသက်ကိုနှင့် မင်းဘူးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ဘာသာစုံဂုဏ်ထူးရရှိခဲ့သူ မဟန်နွယ်မိုးဇင်တို့၏ ဆရာ၊ ဆရာမများရဲ့ သွန်သင်ဆုံးမသင်ကြားပြသပေးခဲ့မှု၊ မိဘဆွေးမျိုးများ၏ ပံ့ပိုးကူညီမှုနှင့် ၎င်းတို့၏ ငယ်ဘဝကိုယ်တိုင်ကြိုးစားအားထုတ်ပြီး လေ့လာသင်ယူခဲ့မှုများအကြောင်းကို အောက်ပါအတိုင်း ကိုယ်တိုင်သွားရောက်ရိုက်ကူပြီး တွေ့ဆုံမေးမြန်းတင်ဆက်လိုက်ရပါသည်-
၁။ မောင်ဂျူးသက်ကို (နိုင်ငံတော်အဆင့်အမှတ်အများဆုံး(သိပ္ပံတွဲ)ဖြင့် Top-1 ပထမဆုရှင်)
မေး - မောင်ဂျူးသက်ကိုအနေနဲ့ အမည်၊ နေရပ်၊ မွေးဖွားရာဇာတိ၊ မိဘ၊ မောင်နှမဆွေးမျိုးသာချင်းရယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ယူထားခဲ့တဲ့ ဘာသာတွဲ၊ ဂုဏ်ထူးရဘာသာနဲ့ရရှိတဲ့ အမှတ်ပေါင်းတွေကို ဖြေကြားပေးပါအုံး။
ဖြေ - ကျွန်တော်နာမည်ကတော့ မောင်ဂျူးသက်ကိုဖြစ်ပါတယ်။ ကျွန်တော်ယူထားတဲ့ ဘာသာတွဲ ကတော့ သိပ္ပံဘာသာတွဲ ဖြစ်ပါတယ်။ ကျွန်တော်ဒီစာမေးပွဲမှာ (၆)ဘာသာဂုဏ်ထူး ရရှိခဲ့ပြီး ရမှတ် စုစုပေါင်းကတော့ ၅၄၇ မှတ်ပဲဖြစ်ပါတယ်။ မွေးဖွားရာဒေသကတော့ မင်းဘူးမြို့မှာဖြစ်ပြီး ကြီးပြင်းခဲ့ရာဇာတိကတော့ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် န/သမှုန်းကုန်းကြီး ကျေးရွာမှာကြီးပြင်းခဲ့တာပါ။ ကျွန်တော်မှာမိသားစု (၄)ယောက်ရှိပါတယ်။ မိဘတွေရဲ့ အမည်ကတော့ အဖ ဦးစိုးယုဦး + အမိ ဒေါ်နုဝါ တို့ဖြစ်ပြီး ညီမတစ်ယောက်ရှိကာ ညီမလေး နာမည်ကတော့ မရွှန်းလဲ့ကို ဖြစ်ပါတယ်။
မေး - ငယ်စဉ်ဘဝ (မူ၊ လယ်၊ ထက်)အဆင့်တက်ခဲ့တဲ့ ကျောင်းနာမ်မည်နဲ့ ကိုယ်တက်ရောက်ခဲ့တဲ့ ကျောင်းတွေကနေ ဘယ်လိုလေ့ကျင့်သင်ကြားပေးခဲ့လဲ။
ဖြေ - ကျွန်တော် သူငယ်တန်းမှ အဋ္ဌမတန်းအထိ (မူလတန်းကနေ အလယ်တန်းအထိက) နတ်မောက် မြို့နယ်မှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်း (န/သမှုန်းကုန်းကြီး)မှာ တက်ရောက်ခဲ့ပါတယ်။ ပြီးတော့ အထက်တန်းအဆင့်မှာဆိုရင် Grade-10 ကနေ Garde-12 အထိ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့မှာရှိတဲ့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းမှာ တက်ရောက်ပညာသင်ကြားခဲ့ပါတယ်။ ကျွန်တော်ငယ်ငယ်လေးထဲက ရွာကျောင်းမှာတက်ခဲ့ရတယ်ဆိုပေမယ့် ဆရာသမားကောင်းတွေနဲ့ အများကြီးတွေ့ခဲ့ရပါတယ်။ ဒီ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းကို ရောက်တဲ့အခါမှာလည်း ကျောင်းတည်ထောင်အုပ်ချုပ်သူ ဆရာကြီးနဲ့ ဆရာမကြီးတို့ကလည်း စနစ်တကျနဲ့ လေ့ကျင့်သင်ကြားပေးတယ်။ ဒါ့အပြင် ဝါရင့် ဆရာ၊ ဆရာမကြီးတွေကလည်း အမှတ်ပေးစည်းမျဉ်းနှင့်အညီ သင်ကြားပေးတယ်။ နောက်ပြီး ညဘက်စာကြည့်ချိန်တွေမှာဆိုရင်လည်း ကိုယ့်ရှေ့က (၆)ဘာသာရ၊ (၅)ဘာသာရ စီနီယာအကိုကြီးတွေကနေပြီးတော့ စနစ်တကျကြပ်မတ်သင်ကြားပေးတယ်။ ကျောင်းသားတွေ မေးခွန်းနဲ့ အကျွမ်းတဝင်ရှိပြီးရင်းနှီးအောင် မကြာခဏဆိုသလို လျှပ်တပျက်စာမေးပွဲတွေ ခဏခဏ ဖြေရပါတယ်။
မေး - ကိုယ်တိုင်ရော စာကို ဘယ်လိုပုံစံမျိုးနဲ့ ကျက်မှတ်လေ့လာခဲ့ပါသလဲ။
ဖြေ-ကျွန်တော် စာကြည့်တဲ့အခါမှာလည်း အပြည့်အဝစာကို အာရုံစူးစိုက်ပြီးတော့ ကြည့်ဖြစ်ပါတယ်။ အခြားဘယ်ကိုမှ အာရုံမလွင့်စေဘဲ စာကိုပဲ အဓိကထားကြည့်ဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေ စာသင်ကြားတဲ့အခါမှာလည်း ဆရာ၊ ဆရာမ ပြောတဲ့အရာတွေ မှတ်သားခိုင်းတဲ့အရာတွေကို စနစ်တကျ လေ့လာမှတ်သားဆောင်ရွက်ခဲ့တာပါ။ စာသင်ကြားတဲ့အခါမှ သေချာလေး အာရုံစူးစိုက်မယ်ဆိုရင် ကိုယ်တိုင်စာပြန်ကြည့်ကျက်မှတ်ရတဲ့အခါ အများကြီး သက်သာပါတယ် ခင်ဗျာ။
မေး - အခုလို မြန်မာတစ်နိုင်ငံလုံးမှာ Top-1 ပထမရရှိတဲ့အတွက် ရင်ထဲက ဝမ်းသာပီတိ စကားလည်း ပြောကြားပေးပါအုံး။
ဖြေ - အခုလိုမျိုး The Whole Burma First Winner ဆုကို ရရှိခဲ့တဲ့အတွက်ကြောင့်မို့ တစ်ကယ်ပဲ အတိုင်းမသိ ဝမ်းမြောက်ပီတိဖြစ်မိပါတယ်။ ဒီနေရာမှာ ကျွန်တော့်အတွက်ဆိုတာထက် ကျွန်တော်ရဲ့ မိဘတွေ၊ ကျွန်တော်ရဲ့ ဆရာ၊ ဆရာမတွေပြီးတော့ ကျွန်တော့်ရဲ့ ကျောင်း၊ ကျွန်တော့်ရဲ့ မြို့နဲ့ နောက်ဆုံးကျွန်တော့်ရဲ့ တိုင်းဒေသကြီးအတွက် ဂုဏ်ယူစေနိုင်ခဲ့တဲ့အတွက်ကြောင့် ပြောမပြတတ်အောင် တစ်ကယ်ပဲ ဝမ်းမြောက်ပီတိ ဖြစ်ရပါတယ်ဗျ။
မေး - ဆက်လက်ပြီး ဘဝရည်မှန်းချက်နဲ့ ဘယ်တက္ကသိုလ်ကို ရွေးချယ်တက်ရောက်မှာလဲ။
ဖြေ - ကျွန်တော်တက်ရာက်မယ့် တက္ကသိုလ်ကတော့ ဆေးတက္ကသိုလ်ပဲဖြစ်ပါတယ်။ ကျွန်တော် ငယ်ငယ်လေးထဲက၊ ကလေးအထူးကုဆရာဝန်ကြီးတစ်ယောက် ဖြစ်ချင်ခဲ့တာပါဗျ။ ကိုယ်တိုင်လည်း ငယ်ငယ်က ကျန်းမာရေးချူခြာခဲ့တဲ့အတွက်ကြောင့် နေမကောင်းနေတဲ့ ကလေးတွေတွေ့ရင် ကိုယ်တိုင်ကူညီပေးချင်တယ်။ ကိုယ်တိုင်စောင့်ရှောက်ပေးခြင်တယ်။ ဒိအတွက်ကြောင့် အနာဂါတ်မှာ ကလေးအထူးကုဆရာဝန်ကြီးတစ်ဦးဖြစ်အောင် ဆက်လက်ကြိုးစားဆောင်ရွက်သွားပါမယ်ခင်ဗျ။
မေး - အခုနှစ်မှာ စာမေးပွဲဖြေကြမယ့် ညီငယ်၊ ညီမငယ်များကို ဘယ်လိုမျိုး စကားလက်ဆောင်ပါးချင်ပါသလဲ။
ဖြေ - အခုတက်ရောက်ပညာသင်ကြားနေတဲ့ ညီငယ်၊ ညီမငယ်တွေအပြင် Grade-12 မှာ တက်ရောက် နေကြတဲ့ ညီငယ်၊ ညီမငယ်တွေအနေနဲ့ပေါ့နော် Grade-12 ဆိုတာ ဘဝရဲ့ အဆုံးအဖြတ်တော့ မဟုတ်ပေမယ့်၊ ဘဝရဲ့အလှည့်အပြောင်း အချိုးအကွေ့တစ်ခုပဲဖြစ်ပါတယ်။ ဒီနေရာမှာ အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့တော့ရလာမှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ ကိုယ့်ရဲ့အခက်အခဲ၊ အတားအဆီးတွေကို အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်သွားကြဖို့ မှာကြားချင်ပါတယ်ဗျ။
မေး - ငယ်စဉ်ကရရှိခဲ့တဲ့ ဆုတွေနဲ့ပတ်သက်လို့ အမှတ်တရရှိတာလေးတွေ ပြောပြပေးပါအုံး။
ဖြေ - ကျွန်တော်သူငယ်တန်းကနေ Grade-12 အထိ အတန်းစဉ်အတိုင်း ပထမဆုတွေရရှိခဲ့ပါတယ်။ ပြီးတော့ အလယ်တန်းအဆင့် ပညာသင်ဆုနဲ့ မြို့နယ်အဆင့် အင်္ဂလိပ်စာထူးချွန်ဆုတွေလည်း ရရှိခဲ့ပါတယ်။ နောက်ပြီး အထက်တန်းအဆင့် Grade-10 ကနေ Grade-12 အထိ လူရည်ချွန်သုံးထပ်ကွမ်းဆုတွေလည်း ရရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ Grade-10 တက်ရောက်နေစဉ် နှစ်မှာလည်း ဂျပန်နိုင်ငံက ကျင်းပပြုလုပ်တဲ့ Sakura Science High School Program (SSHP) အဖွဲ့ဝင်တစ်ယောက်နေနဲ့ တက်ရောက်ဖြစ်ခဲ့ပါတယ်ဗျ။
မေး - မောင်ဂျူးသက်ကိုအနေနဲ့ ဘာများဖြည့်စွက်ပြောကြားချင်တာ ရှိပါသလဲ။
ဖြေ- ဟုတ်။ Grade-12 ဆိုတာ သိတဲ့အတိုင်းပဲ စနစ်သစ်လည်းဖြစ်တယ်။ နောက်ပြီးတော့ စာကလည်း အရမ်းများတာဖြစ်တဲ့အတွက်ကြောင့် အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရတယ်။ ကျွန်တော်က ငယ်ငယ်ထဲက ကျန်းမာရေးချူခြာတယ်ဗျ။ ကျွန်တော် သူငယ်တန်းနဲ့ ပထမတန်း တုန်းကဆိုရင် အမြဲတမ်းဖျားနေလို့မို့ ကျောင်းကိုတောင်မသွားနိုင်ဘဲ အိမ်မှာ အမေနဲ့ပဲ စာတွေကို သင်ခဲ့ရတာ။ ခု…ပီးခဲ့တဲ့ ပညာသင်နှစ် Grade-12 တုန်းကလည်း ကျန်မာရေးဖြစ်တယ်။ အဓိကတော့ ဆရာကိုပဲ အရမ်းအလေးပေးပြီးတော့နေတာ။ ထမင်း၊ အစားအသောက်ရယ် မနက်စာတွေကိုစားဖို့ အလေးမထားဖြစ်တာကြောင့် အစာအိမ်ပြသနာဖြစ်ခဲ့ပြီး အိမ်မှာပဲနေထိုင်ခဲ့ရကာ ကျောင်းကို နှစ်ပတ်လောက်နားခဲ့ရတယ်။ ဒါပေမယ်လို့ ကျွန်တော်ရဲ့ ဆရာ၊ ဆရာမတွေ၊ မိဘတွေနဲ့ သူငယ်ချင်း တွေရဲ့ အားပေးကူညီမှုတွေကြောင့် ပြန်ပြီးတော့ အကောင်းဆုံးကြိုးစားပြီး နေထိုင်နိုင်ခဲ့ပါတယ် ခင်ဗျာ….ဟု ဖြေကြားခဲ့သည်။
၂။ ဒေါ်သက်သက်ထွန်း မောင်ဂျူးသက်ကို၏အဒေါ် (မင်းဘူး(စကု)မြို့နယ်၊ ဥယျာဉ်ဇင်ကျေးရွာ)
မေး - အမနာမ်မည်နဲ့ နေရပ်လိပ်စာလေးရယ်၊ ကျောင်းသားတူလေးအပေါ် ပံ့ပိုးပေးခဲ့မှုအကြောင်း ပြောပေးပါအုံး။
ဖြေ - ကျွန်မနာမ်မည်က ဒေါ်သက်သက်ထွန်းပါ။ မင်းဘူး(စကု)မြို့နယ် ဥယျာဉ်ဇင်ကျေးရွာမှာ နေတာဖြစ်ပြီး ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းမှာ နိုင်ငံတော်အဆင့် အမှတ်အများဆုံး(သိပ္ပံတွဲ)ဖြင့် အောင်မြင်တဲ့ The Whole Burma First Winner ပထမဆုရှင် မောင်ဂျူးသက်ကို၏ အဒေါ်ဖြစ်ပါတယ်ရှင်။ အဒေါ်တစ်ယောက်အနေနဲ့ ကလေးရဲ့သင်ကြားမှု အပိုင်းမှာ No.1 ကိုယ်ပိုင်ကျောင်းကလည်း အကုန်ပြည့်စုံစွာသင်ကြားနေတော့ ကျွန်မတို့အပိုင်းက ဘာမှလုပ်မပေးရပေမယ့် သူစာနဲ့ပတ်သက်ပြီး စိတ်ဖိစီးမှုမရှိရလေအောင် ကလေးကို တစ်နေ့စာတစ်နေ့ ပုံမှန်လုပ်ခိုင်းခဲ့ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ အိပ်ရေး သေခြာဝဝအိပ်ရအောင်ညနက်တဲ့အထိ စာကိုမလေ့လာစေဘဲနဲ့ အချိန်မှန်မှန် အိပ်စက်အနားယူခိုင်းစေပါတယ်။ ပြင်ပဗဟုသုတအနေနဲ့လည်း သူအားလပ်တဲ့အချိန်လေးတွေမှာ သုတ၊ ရသစုံလင်တဲ့ စာအုပ်၊ စာပေတွေကို လေ့လာခိုင်းဖြစ်ပါတယ်ရှင်။
မေး - အခုလို မြန်မာတစ်နိုင်ငံလုံးမှာ ပထမရရှိခဲ့တဲ့ပေါ် ဆွေးမျိုးတစ်ယောက်အနေနဲ့ ဝမ်းသာပီတိစကားလေး ပြောပေးပါအုံး။
ဖြေ - ဟုတ်။ အခုလို မြန်မာတစ်နိုင်ငံလုံးမှာ ပထမရရှိခဲ့တဲ့ပေါ်မှာ ကျွန်မတို့ မျှော်မှန်းမထားတဲ့ အရာကို ကလေးကယူဆောင်လာပေးတဲ့အတွက် တအားကို ဝမ်းသာပီတိဖြစ်ရပါတယ်ရှင့်။
မေး - အမအနေနဲ့ ကျောင်းသားတူလေးအပေါ် ဘယ်လိုမျိုး ဆက်လက်ပံ့ပိုးပေးသွားမလဲ။
ဖြေ- ကလေးရဲ့ရွေးချယ်မှုအပေါ်မှာ မူတည်ပြီးတော့ပေါ့နော် ကလေးကိုဘာဖြစ်ရပါမယ်လို့ အတင်းအကြပ်တိုက်တွန်းပြောဆိုတာမျိုးမလုပ်ဘူး။ နောက်ပြီး သူဝါသနာပါမှ သူ့ရှေ့ရေးတက်လမ်းအတွက် ပိုမိုတိုးတက်ကောင်းမွန်မှာဖြစ်လို့ ဘာလုပ်ရမယ်လို့တော့မပြောဘူး။ သူကြိုတဲ့လိုင်းကိုပဲ ရွေးချယ်ဆောင်ရွက်ခိုင်းမှာပါ။ နောက်ပိုင်းမှာကလေးဖြစ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ဝါသနာအတိုင်းကိုတော့ လိုအပ်တာတွေကို ဆက်လက်ပံ့ပိုးကူညီသွားပါမယ်။
မေး - အမအနေနဲ့ ဒီအပေါ်မှာ ဘာများဖြည့်စွက်ပြောကြားချင်တာရှိလဲ။
ဖြေ - ကျွန်မတို့ရဲ့ နယ်မြို့လေးဖြစ်တဲ့ စကုမြို့ကနေ The Whole Burma First ဖြစ်အောင် လမ်းညွှန်သင်ကြားပြသပေးခဲ့ကြတဲ့ စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်အုပ်ချုပ်သူ ဆရာကြီး၊ ဆရာမကြီးနှင့်တကွ ကလေးရဲ့ သင်ကြားရေး ဆရာ၊ ဆရာမတွေကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ဒါကြောင့်မို့ ဘယ်မှာပဲဖြစ်ဖြစ် ဘယ်မှာပဲဖြစ်ဖြစ် ဘာအရာမဆို လုပ်ရင်မဖြစ်နိုင်တာ မရှိဘူးဖြစ်တဲ့အတွက်ကြောင့် တစ်ခြား ကျောင်းသား၊ ကျောင်းသူတွေလည်း ဒီလိုမျိုးကိုယ်နေထိုင်ရာ မြို့ဒေသကနေ Top-1 ဖြစ်အောင် ကြိုးစာကြပါလို့ တိုက်တွန်းပြေကြားလိုပါတယ်… ဟု ဖြေကြားခဲ့သည်။
၃။ ဦးအောင်ပြည့်ဖြိုး (စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်အုပ်ချုပ်သူနှင့် ရူပဗေဒ သင်ကြားရေးဆရာကြီး)
မေး - No.1 ကိုယ်ပိုင်ကျောင်းအနေနဲ့ ကလေးတွေအားလုံးကို ဘယ်လိုပုံစံနဲ့ လေ့ကျင့်သင်ကြားပေးခဲ့ ပါသလဲ။
ဖြေ - ကိုယ်ပိုင်ကျောင်းကို စတင်တည်ထောင်စဉ်ကတည်းက မျှော်မှန်းချက်(၄)ရပ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများအားလုံး စည်ကမ်းပြည့်ဝပြီး နှလုံးလှသည့် လူတော်၊ လူကောင်းများ မွေးထုတ်ပေးနိုင်စေရန်အတွက် ကျောင်းစာသာမက စာရိတ္တပိုင်းဆိုင်ရာကိစ္စရပ်များကိုပါ ပြုစုပျိုးထောင်ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။
မေး - အခုလိုကျောင်းကနေ တစ်နိုင်ငံလုံး ပထမရရှိခဲ့တဲ့အတွက် ဝမ်းသာပီတိစကားနဲ့ မောင်ဂျူးသက်ကို မြန်မာတစ်နိုင်ငံလုံး ပထမရရှိမှုအပေါ်သဘောထားမှတ်ချက် ပြောပေးပါအုံး။
ဖြေ - ကျွန်တော်တို့ No.1 ကိုယ်ပိုင်ကျောင်းအနေနဲ့ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၂၁ ဦး ဝင်ရောက်ဖြေခဲ့ပြီး ၁၀၁ ဦးအောင်မြင်ခဲ့သည့်အတွက် အောင်ချက်အနေဖြင့် ၈၃ ဒသမ ၃ ရာခိုင်နှုန်းရရှိခဲ့ပါတယ်။ ဒီလို ထူးထူးခြားခြား နိုင်ငံတော်အဆင့် (သိပ္ပံတွဲ)မှာ အမှတ်အများဆုံးအနေနဲ့ ထူးချွန်ထက်မြက်သော ကျောင်းသားတစ်ဦးကို မွေးထုတ်ပေးနိုင်ခဲ့သလိုပဲ တိုင်းဒေသကြီးအဆင့် (ဝိဇ္ဇာတွဲ)မှာ ဒုတိယအဆင့် အမှတ်အများဆုံး ကျောင်းသားတစ်ကိုလည်း ဒီနှစ်မှာတစ်ပြိုင်တည်း မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ကျောင်းအနေနဲ့ရော စကုမြို့အပါအဝင် မြို့နယ်၊ ခရိုင်နဲ့ မကွေးတိုင်းဒေသကြီးအတွက်ကိုပါ သမိုင်းမှတ်တိုင်သစ်တစ်ခု ရေးထိုးစိုက်ထူနိုင်ခဲ့တာဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ အတိုင်းမသိ အများကြီးဝမ်းမြောက်ဂုဏ်ယူမိပါတယ်ခင်ဗျာ။
မေး - ကျောင်းအနေနဲ့ဆက်လက်ပြီးတော့လည်း ကလေးတွေကို ဘယ်လိုမျိုးလေ့ကျင့်သင်ကြားပေး သွာမှာလဲ။
ဖြေ - ကျောင်းနေပျော်ပြီး စာတော်ရမည်ဆိုတဲ့ ကျွန်တော်တို့ကျောင်းရဲ့ ခံယူချက်အတိုင်း ကျောင်းသား၊ ကျောင်းသူတွေကို စာသင်ကြားချိန်၊ အားကစားချိန်၊ အပမ်းဖြေအနားယူချိန်၊ စာလေ့ကျင့်ချိန်စတဲ့ သူ့အချိန်နဲ့သူ သတ်မှတ်ပေးထားပုံစံနဲ့ ထူးချွန်ထက်မြက်တဲ့သူတွေဖြစ်အောင် အားသွန်ခွန်စိုက် ဆက်လက်ပံ့ပိုးကူညီပြီး ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။
မေး - ဆရာကြီးအနေနဲ့ ဒါတွေအားလုံးနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောကြားချင်တာရှိပါသလဲ။
ဖြေ - ကျွန်တော်တို့ဟာ မျိုးဆက်သစ်လူငယ်တွေအားလုံးကို ကျွန်တော်တို့ထက်တော်သော၊ ဘက်စုံထူးချွန်ထက်မြက်သော လူငယ်မျိုးဆက်သစ်များကို မွေးထုတ်ပေးနိုင်မှသာလျှင် ကျွန်တော်တို့နိုင်ငံကြီးက ဒီထက်ပိုပြီးတော့ မြင့်မားတိုးတက်လာမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကျောင်းအနေနဲ့ဒေသအတွက်ရော နိုင်ငံတော်အတွက်ပါ ဘက်စုံထူးချွန်ထက်မြက်တဲ့ အနာဂါရဲ့ မျိုးဆက်သစ် လူငယ်၊ လူတော်၊ လူကောင်းလေးတွေကို ဒီထက်မက အများကြီး မွေးထုတ်ပေးနိုင်အောင် ဆက်ပြီးတော့ ကြိုးစားဆောင်ရွက်သွားပါ့မယ်။ နောက်ပြီးတော့ ပညာသင်ကြားရေး စရိတ်မျှတပြီး အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်တဲ့ ကျောင်းတစ်ကျောင်းအဖြစ် ရည်ရှည်ရပ်တည်နိုင်အောင် ရည်မှန်းချက်ထားရှိပြီး အကောင်းဆုံးကြိုးစားဆောင်ရွက်သွားပါ့မယ်လို့ ပြောကြားလိုပါတယ်ခင်ဗျာ…ဟူ၍ ဖြေကြားခဲ့သည်။
၄။ မဟန်နွယ်မိုးဇင် (၆)ဘာသာဂုဏ်ထူးရှင် (မင်းဘူးမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း)
မေး - သမီးအနေနဲ့ အမည်၊ နေရပ်၊ မွေးဖွားရာဇာတိ၊ မိဘ၊ မောင်နှမဆွေးမျိုးသာချင်းရယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာ ယူထားခဲ့တဲ့ ဘာသာတွဲ၊ ဂုဏ်ထူးရဘာသာနဲ့ ရရှိတဲ့အမှတ် ပေါင်းတွေကို ဖြေကြားပေးပါအုံး။
ဖြေ - ညီမနာမ်မည်ကတော့ မဟန်နွယ်မိုးဇင်ဖြစ်ပါတယ်။ မင်းဘူးမြို့ ဇာတိဖြစ်ပြီးတော့ မင်းဘူးမြို့၊ အမှတ်(၁) သနပ်ခါးတောရပ်ကွက်မှာနေပါတယ်။ သမီးရဲ့မိဘတွေကတော့ အဖ ဦးအောင်ကျော်မိုး + အမိ ဒေါ်တင်အေးခိုင်ဖြစ်ပါတယ်။ သမီးကတော့ အိမ်မှာတစ်ဦးတည်းသော သမီးလေးဖြစ်ပါတယ်ရှင့်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာ ညီမယူထားတဲ့ ဘာသာတွဲက သိပ္ပံဘာသာတွဲ ဖြစ်ပြီး မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓါတု၊ ရူပနဲ့ ဇီဝဗေဒဘာသာရပ်(၆)ခု ဖြစ်ပါတယ်။ ညီမရဲ့ ခုံနာမ်ပါတ်ကတော့ (ဖမဘ - ၁၅၂)ဖြစ်ပါပြီး ရမှတ်စုစုပေါင်းကတော့ ၄၉၅ မှတ်ဖြစ်ပါတယ်ရှင့်။
မေး - ကိုယ်တက်ရောက်ခဲ့တဲ့ ကျောင်းကနေ ဘယ်လိုလေ့ကျင့်သင်ကြားပေးခဲ့လဲ။
ဖြေ - အ.ထ.က(၂)ကျောင်းကတော့ ဆရာ၊ ဆရာမ တစ်ယောက်ချင်းဆီတိုင်းက ကျောင်းစာသင်ချိန် တွေအပြင် ညနေပိုင်းနဲ့ မနက်အစောပိုင်းတွေမှာ အချိန်ပိုတစ်နာရီခန့်အပြင် အပတ်စဉ် စနေနေ့ တွေမှာအချိန်ပိုတွေခေါ်ယူပြီးတော့ လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်ရှင်။ နောက်ပြီး သမီးတို့ လေ့ကျင့်ခန့်းစာအုပ်တွေကိုလည်း Check Up ပြုလုပ်စစ်ဆေးပေးတဲ့အပြင် စာတွေကို အမှတ်ပေးစည်းမျဉ်းတွေနဲ့အညီဖြစ်အောင် ဆရာ၊ ဆရာမတွေက သေသေခြာခြာလေး ပြုစု၊ ပြုပြင်ပြီးတော့ လေ့ကျင့်သင်ကြားပေးပါတယ်။ စာမေးပွဲဖြေဆိုခါနီးတဲ့ အခါမှာလည်း သင်ကြားပြသထားပြီးသမျှ ပြဌာန်းစာအုပ်တွေကို အကုန်လုံး(Revision) ပြန်လည်လေ့ကျင့်ပြင်ဆင်ခြင်းတွေကို လုပ်ဆောင်ပေးတာမိုလို့ စာမေးပွဲဖြေဆိုတဲ့အခါမှာ အခဲအခဲမရှိ ဖြေဆိုနိုင်ခဲ့ပါတယ်ရှင့်။
မေး - ကိုယ်တိုင်ရော စာကို ဘယ်လိုပုံစံမျိုးနဲ့ ကျက်မှတ်လေ့လာခဲ့ပါသလဲ။
ဖြေ - ကိုယ်တိုင်အနေနဲ့ကတော့ အိမ်မာစာကိုအချိန်ဇယားဆွဲပြီး လေ့ကျင့်ဖြစ်တယ်ပေါ့နော်။ စာကျက်ရတာပျင်းလာတဲ့အခါမျိုးမှာဆိုရင် လမ်းလျောက်၊ အပန်းဖြေလုပ်တာပဲဖြစ်ဖြစ် ဆောင်ရွက်ပြီးမှ အချိန်ဇယာပုံမှန်လေးဆွဲပြီး စာပြန်ကျက်လိုက် စတာတွေကို သေသေချာချာလေး လုပ်ဆောင်ပါတယ်ရှင်။
မေး - အခုလို ဘာသာစုံဂုဏ်ထူးရရှိခဲ့တဲ့အပေါ်မှာ ရင်ထဲက ဝမ်းသာပီတိစကားလည်း ပြောပေးပါအုံး။
ဖြေ - ဟုတ်ကဲ့ရှင့်။ ဘာသာစုံဂုဏ်ထူးရရှိခဲ့တဲ့အတွက် အရမ်းပဲ ရင်ထဲက အတိုင်းမသိ ဝမ်းသာတာပေါ့နော်။ မင်းဘူး(စကု)မြို့နယ်မှာ တစ်မြို့နယ်လုံးမှာမှ နှစ်ယောက်ပဲ All D ရှိခဲ့တာ။ တစ်ယောက်က စကုမြို့ကနေ The Whole Burma First Winner ပထမဆုကိုရတယ်။ တစ်ယောက်က မင်းဘူးမြို့မှာ 6D ဘာသာစုံဂုဏ်ထူးရရှိခဲ့တော့ ပြောမပြတတ်အောင် ဝမ်းသာပီတိ ဖြစ်မိပါတယ်ရှင့်။ အာ့ကြောင့်မို့ သမီးကဒီကျောင်းမှာ ငယ်ငယ်လေးထဲက တက်ရောက်ဖြစ်ခဲ့တဲ့ ကျောင်းဖြစ်လို့ ကိုယ့်ကျောင်းဂုဏ်ကို ဆောင်နိုင်ခဲ့အတွက်လည်း ဝမ်းသာရသလို သမီးကို ငယ်ငယ်လေးထဲက ပညာသင်ကြားပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမ တစ်ယောက်ချင်းစီရဲ့ ဂုဏ်ကိုဆောင်နိုင်ခဲ့တဲ့အတွက်ကြောင့် အလွန်ကိုပဲ ဝမ်းသာပီတိဖြစ်မိပါတယ်။ အဓိက ကျေးဇူးတင်ရမှာကတော့ မိဘနှစ်ပါးပါ။ မိဘရဲ့ အနီးကပ်ပံ့ပိုးမှုကြောင့်သာ အခုလို ထူးချွန်တဲ့သူတစ်ယောက် ဖြစ်လာခဲ့တာမို့ အထူးပဲကျေးဇူတင်သလို မိဘ၊ ကျောင်းနဲ့ မြို့ဂုဏ်ကို ဆောင်နိုင်ခဲ့တာကြောင့် လှိုက်လှိုက်လဲလဲကို ပြောမပြတတ်အောင် ဝမ်းသာပီတိဖြစ်မိပါတယ်ရှင့်။
မေး - ဆက်လက်ပြီး ဘဝရည်မှန်းချက်နဲ့ ဘယ်တက္ကသိုလ်ကို ရွေးချယ်တက်ရောက်မှာလဲ။
ဖြေ - သမီးစဉ်းစားထားတာကတော့ ဆေးတက္ကသိုလ်ကို ဆက်လက်တက်ရောက်ဖို့ စိတ်ကူးထားပါတယ်။ သမီးရဲ့ဝါသနာကလည်း ဆရာဝန်တစ်ယောက်ဖြစ်ဖို့ ရည်မှန်းထားတာဖြစ်ပြီးတော့ မိဘနှစ်ပါးကလည်း တစ်ဦးတည်းသော သမီးလေးဖြစ်တာကြောင့် ဆရာဝန်တစ်ယောက် ဖြစ်စေချင်ပါတယ်။ ဒါကြောင့်မို့ ကောင်းမွန်တဲ့ ဆရာဝန်ကောင်းတစ်ယောက်ဖြစ်အောင် ဆက်လက်ကြိုးစားဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်ချက်ချထားပါတယ်ရှင့်။
မေး - မိဘတွေက သမီးပေါ် ပံ့ပို့ဖြည့်ဆည်းပေးမှုအခြေအနေလည်း ပေးကြားပေးပါအုံး။
ဖြေ - မိဘတွေက အတိုင်းမသိပံ့ပိုးတာပေါ့နော်။ နောက်ကနေမှ သမီးဘာလိုအပ်လဲ၊ ဘာဖြစ်ချင်လဲ အစစအရာရာပံ့ပိုးကူညီပေးတယ်။ နောက်ပြီး သင်ကြားရေးအပိုင်းမှာ ဘယ်ဘာသာရပ်တွေ အားနည်းနေလဲ တစ်ခုချင်းစီကအစ ပံ့ပိုးကူညီပေးခဲ့တဲ့အတွက်ကြောင့် အခုလို အောင်မြင်ထူးချွန် ထက်မျက်တဲ့ လူကောင်းတစ်ယောက်ဖြစ်လာခဲ့တာပါရှင့်။
မေး - မဟန်နွယ်မိုးဇင်အနေနဲ့ ဘာများဖြည့်စွက်ပြောကြားချင်တာ ရှိပါသလဲ။
ဖြေ - အခုတက်ရောက်မယ့် မောင်လေးတွေ၊ ညီမလေးတွေအနေနဲ့ စာကိုပုံမှန်လုပ်ကြပါပေါ့နော်။ ပြီးတော့ ဘယ်နေရာ၊ ဘယ်ကျောင်းမှာပဲနေနေ၊ ဘယ်ကိုပဲသွားသွား အဓိကက ကိုယ်တိုင်ကြိုးစား အားထုတ်မှ ဖြစ်လာမှာပါ။ အဲဒိတော့ ငါဘယ်ကျောင်းကိုသွား ဘယ်ကျောင်းကိုတက်မှ ငါဂုဏ်ထူးထွက်မယ်၊ အောင်မယ်တို့ အဲလိုစိတ်မျိုးမတွေးဘဲနဲ့ ကိုယ်ရောက်နေတဲ့ နေရာမှာသာ ကိုယ်က အကောင်းဆုံးကြိုးစားလိုက်ပါ။ အစထဲကသာ အကောင်းဆုံးကြိုးစားခဲ့မယ်ဆိုရင် နောက်ကျရင် နောင်တရစရာမရှိတော့ပါဘူး။ ကိုယ်လုပ်နိုင်သမျှကို အကောင်းဆုံးကြိုးကြိုးစားစားနဲ့ လုပ်ကိုင်ဆောင်ရွက်ကြပါလို့ ပြောကြားလိုပါတယ်ရှင့်…ဟု ဖြေကြားသည်။
၅။ ဒေါ်သွယ်သွယ် (မြို့နယ်ပညာရေးမှူး၊ မင်းဘူး(စကု)မြို့နယ်)၏ ပြောကြားချက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မင်းဘူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ စကုမြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်း ကျောင်း(မုန်တောင်)တို့ရှိ စာစစ်ဌာန(၃)ခု၌ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းတွင်း၊ ကျောင်းပြင် ဝင်ရောက်ဖြေဆိုရန်စာရင်းရှိ ကျောင်းသား ၅၃၉ ဦး၊ ကျောင်းသူ ၆၄၇ ဦး၊ စုစုပေါင်း ၁၁၈၆ ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ၅၁၆ ဦး၊ ကျောင်းသူ ၆၃၇ ဦး၊ စုစုပေါင်း ၁၁၅၃ ဦးရှိကာ ဖြေဆိုအောင်မြင်သူများအနေဖြင့် ကျောင်းသာ ၂၅၄ ဦး၊ ကျောင်းသူ ၃၉၁ ဦး စုစုပေါင်း ၆၄၅ ဦးရှိခဲ့သည့်တွက် အောင်မြင်မှုရာခိုင်နှုန်းအားဖြင့် ၅၅.၉၄ ဦးရှိကြောင်း၊ အဆိုပါ အောင်မြင်သူများအနက် (၆)ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် ၄ ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင် ၇ ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် ၁၂ ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် ၁၄ ဦးနှင့် (၁)ဘာသာ ဂုဏ်ထူးရှင် ၄၄ ဦးတို့က ထူးချွန်စွာအောင်မြင်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သူများ အနက်(၆)ဘာသာဂုဏ်ထူးရှင် ၂ ဦးသည် ထူးချွန်ပြောင်မြောက်စွာဖြင့် မြို့နယ်၏ဂုဏ်ကို ဆောင်နိုင်ခဲ့သည့်အပြင် အဆိုပါနှစ်ဦးအနက်မှ (၆)ဘာသာဂုဏ်ထူးရှင် ကျောင်းသားတစ်ဦးမှာ သုံးနှစ်ဆက်တိုက် လူရည်ချွန် သုံးထပ်ကွမ်းချန်ပီယံနှင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (The Whole Burma First) အမှတ်အများဆုံးရရှိခဲ့သူတစ်ဦးဖြစ်ကြောင်း၊ ယခုလို နိုင်ငံတော်အဆင့် ပထမဆုကို ရရှိခဲ့သည့်အတွက် မြို့နယ်ဂုဏ်ဆောင်ဖြစ်ကာ ပြောမပြနိုင်အောင် ဝမ်းသာပီတိဖြစ်မိကြောင်း၊ ယခုအောင်ချက်ရာခိုင်နှုန်းကို သင်ခန်းစာယူ၍ နောက်နှစ်များနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အောင်ချက်ပိုမိုမြင့်မာစေရေး၊ ဂုဏ်ထူးရရှိသူမြင့်မားစေရန် စီမံချက်များကို အသေးစိတ်ရေးဆွဲပြီး မြို့နယ်အတွင်းရှိ အထက်တန်းပြ ဆရာ၊ ဆရာမအားလုံးကိုစုဝေး၍ ဘာသာရပ်နှင့် သင်ထောက်ကူ လိုအပ်ချက်များကို ဖြည့်ဆည်းပေးကာ ကျောင်းသား၊ ဆရာ၊ မိဘအားလုံးဝိုင်းဝန်းပူးပေါင်းပြီး စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြို့နယ်အတွင်းရှိ ကျောင်းသားမိဘများအနေဖြင့် မိမိတို့၏ သားသမီးလူငယ်များဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများအားလုံး ဘက်စုံထူးချွန်ထက်မြက်စေရန်အတွက် သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်း၏လုပ်ငန်းဆောင်တာများနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး ကာယ၊ ဉာဏ စွမ်းရည်လုပ်ငန်းဆောင်ရွက်မှုများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ခွင့်ပြုပေးစေလိုကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သွယ်သွယ်က ပြောသည်။
ထို့ကြောင့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံတော်အဆင့် အမှတ်အများဆုံး (သိပ္ပံတွဲ)ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် The Whole Burma First Winner ပထမဆုရှင် ရမှတ်ပေါင်း ၅၄၇ မှတ်ဖြင့် Top – 1 ရရှိခဲ့သူ မောင်ဂျူးသက်ကို (ဖမဘ-၃၄၄)သည် နိုင်ငံ့ဂုဏ် ကိုသာမက မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ မင်းဘူး(စကု)မြို့နယ်နှင့် စကုမြို့နှင့် နတ်မောက် မြို့နယ်တို့၏ဂုဏ်ကို ဆောင်နိုင်ခဲ့သူတစ်ဦးအဖြစ် မှတ်တမ်းဝင်ပြီး ဘက်စုံထူးချွန်ထက်မြက်သော ကျောင်းသားတစ်ဦးဖြစ်သောကြောင့် မှတ်တမ်းတင်ဂုဏ်ပြု၍ ရေးသားတင်ဆက်လိုက်ရပါသည်။
သတင်းအင်တာဗျူး - တွေ့ဆုံမေးမြန်း/ရိုက်ကူးတင်ဆက်သူ မောင်မောင်(မင်းဘူး)