လိပ်သိုဒေသတွင် အာတာလွတ်ပင်များ စိုက်ပျိုးလျက်ရှိ

လိပ်သို ဩဂုတ် ၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ နှစ်တို၊ နှစ်ရှည် သီးနှံပင်များနှင့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုးလျက်ရှိကြရာ အာတာလွတ်ပင်များကို အိမ်ခြံဝင်းများနှင့် တောင်ယာခင်းများတွင် စိုက်ပျိုးလျက်ရှိကြကြောင်း သိရသည်။

အာတာလွတ်ပင်စိုက်ပျိုးရာတွင် အဆစ်နှစ်ဆစ်နှင့်အတက်ပါသော အာတာလွတ်မျိုးများကို စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး ၈ လ မှ ၁၂ လ အကြာတွင် တူးဖော်စားသုံးရောင်းချနိုင်ကြောင်း၊ သဘာဝမြေဩဇာကိုသာ အသုံးပြု၍ စိုက်ပျိုးထားသဖြင့် အာဟာရပြည့်ဝပြီး ဘေးကင်းလတ်ဆတ်စွာ စားသုံးနိုင်ကြောင်း အာတာလွတ်စိုက်ပျိုးသူ ဒေသခံတစ်ဦးထံမှ သိရသည်။

အာတာလွတ်ဉတွင် အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်ပြီး အာတာလွတ်ဥကို ပြုတ်ပြီး ဆီဆားနှင့်သော်လည်းကောင်း၊ သုပ်၍သော်လည်းကောင်း နှစ်ခြိုက်စွာ စားသုံးကြကြောင်း၊ ဒေသခံများမှာ အာတာလွတ်ပင်များကို တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးကြပြီး စီးပွားဖြစ် စိုက်ပျိုးသူမရှိသေးကြောင်း သိရသည်။

ခင်လေးနွယ်