ပွင့်ဖြူမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဆင်း

ပွင့်ဖြူ ဩဂုတ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)  ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင် ၃၁ ရက်၊ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ) ဦးစီးအရာရှိ ဒေါ်တဉ္ဇာစိုးက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာဆင့်ပွားသင်တန်းနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စီမံအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများက ဆင့်ပွားသင်တန်းပို့ချသင်ကြားပေးခဲ့သော နည်းပြဆရာများကို အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ချီးမြှင့်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ဇူလိုင်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိဖွင့်လှစ်၍ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ၊ဆရာမ ၄၁၉ ဦးအား အီလက်ထရောနစ်မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရောနစ်မဲပေးစက်များစစ်ဆေးခြင်း၊ ရွေးကောက်ပွဲနေ့မတိုင်မီ မဲရုံတွင် မဲပေးစက်များကြိုတင်ပြင်ဆင်ခြင်းနှင့်စမ်းသပ်ခြင်း၊ မဲပေးချိန်တွင် မဲပေးစက်များကိုင်တွယ်ခြင်း၊ အရန်စက်လဲလှယ်ရန်အခြေအနေ၊ မဲပေးနေစဉ်အတွင်း အရေးပေါ်ကိစ္စရပ်များဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများစသည့် အကြောင်းအရာများကို  သင်တန်းနည်းပြများက ခေတ်မီနည်းပညာဖြင့် စာတွေ့/လက်တွေ့စနစ်တကျ ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။   

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )