ဘားအံ ဩဂုတ် ၁
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဇူလိုင်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့ပေါ်ရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေး၍ ဆန်ရိက္ခာဖိုးငွေနှင့် စားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြကြေးမုံဆောင် ယာယီရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေး၍ ဆန်ရိက္ခာဖိုးငွေနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်ချီးမြှင့်ကာ အဆိုပါရေဘေး ကယ်ဆယ်ရေးစခန်း၌ အမှတ် (၂) တပ်မတော်ဆေးရုံကုတင် (၁၀၀)၊ ဘားအံတပ်နယ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ပြောင်းရွှေ့နေထိုင်သော ရေဘေးသင့် အိမ်ထောင်စုများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြား၍ ဆန်ရိက္ခာဖိုးငွေနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် အောင်ချမ်းသာမြတ်စွာဘုရား ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ယာယီရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားများ ပြောကြားကာ ဆန်ရိက္ခာဖိုး ငွေနှင့်စားသောက်ကုန်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါယာယီရေဘေးကယ်ဆယ်ရေးစခန်းများရှိ အိမ်ထောင်စု စုစုပေါင်း ၅၈၁ စု၊ လူဦးရေ ၂၇၉၀ဦး အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ချီးမြှင့်သော ဆန်ရိက္ခာနှင့်ခေါက်ဆွဲခြောက်ဖိုးငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ရေဘေးစတင်ဖြစ်ပွားချိန်မှ ယနေ့အချိန်ထိ အိမ်ထောင်စု ၁၈၃၄ စု၊ လူဦးရေ ၉၁၉၁ ဦး အတွက် ဆန်ရိက္ခာနှင့် ခေါက်ဆွဲခြောက်ဖိုးငွေ ၄၆၇၄၈၂၅ဝိ/-ကျပ်ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)