ငဖဲမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် Club အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ဝိုင်း ဆောင်ရွက်

ငဖဲ ဩဂုတ် ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး Club အဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာ မောင်မင်းစိုးရေးသားသည့် “လူငယ်နဲ့အပြောင်းအလဲ”စာအုပ်ကို စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာကျော်က စာအုပ်စာပေများလေ့လာဖတ်ရှုပြီး ပြန်လည်ဆွေးနွေးပြောကြားသည့် အလေ့အထဖြစ်ပေါ်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး Book Club အဖွဲ့ဝင် ဒေါ်ဟန်နီထွန်းက စာရေးဆရာမောင်မင်းစိုးရေးသားသည့် “လူငယ်နဲ့အပြောင်းအလဲ”စာအုပ်မှ လူ့အဖွဲ့အစည်း၏ ပင်မရေသောက်မြစ်ဖြစ်သော ကိုယ်ကျင့်တရားများ ပျက်စီးယိုယွင်းလာသည်နှင့်အမျှ လောကကြီးတစ်ခုလုံး ကြောက်မက်ဖွယ်ဘေးအန္တရာယ်များသည် တစ်ခုပြီးတစ်ခု ပြန်လည်ခြိမ်းခြောက်လာခြင်းကိုခံရကြောင်း၊ စာရိတ္တမဏ္ဍိုင်သည် လူ့ဘဝတည်ဆောက်ရာ၌ မရှိမဖြစ်လိုအပ်သော ဒေါက်တိုင်ဖြစ်ကြောင်း၊ အဆိုပါဒေါက်တိုင်များ ပြိုကျမှု၊ ဆွေးမြေ့မှု၊ ခိုင်မြဲခြင်းမရှိမှုများ ဖြစ်ပေါ်လာသည်နှင့်အမျှ လူသားဘဝသည်လည်း တအိအိပြိုလဲသွားရသည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် Youth Club အဖွဲ့ဝင် မဇူလှိုင်သွင်က အပြောင်းအလဲတစ်ခုကိုဖော်ဆောင်သည့်အခါ ရဲဝံ့စွာဖော်ဆောင်နိုင်ရန် သတ္တိရှိရှိ ရင်ဆိုင်နိုင်ရန်လိုအပ်ကြောင်း၊ သို့မှသာ စစ်မှန်သည့် အပြောင်းအလဲတစ်ခုကို ဖော်နိုင်မှာဖြစ်ကြောင်းနှင့် စစ်မှန်သည့်အပြောင်းအလဲကို ဖော်ဆောင်နိုင်သည့် လူငယ်တွေ များများပေါ်ထွက်နိုင်ရန်လိုအပ်ကြောင်း ထုတ်နုတ်ဖတ်ကြားဆွေးနွေး၍ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများက  ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)