လောင်းလုံးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်းနှင့် မဲပေးခြင်း စမ်းသပ်သရုပ်ပြ

‎‎လောင်းလုံး ဩဂုတ် ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကျင်းပသည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်း၊ သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားကို ထားဝယ်မြို့ အ-ထ-က (၃) ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

‎‎ဦးစွာ လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်အုပ်ချုပ်ရေးမှူး၊ ဦးအောင်မြတ်ထိုက်က အမှာစကားပြောကြားရာတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် တိုင်းဒေသကြီးမြန်မာအီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTIN MACHINE) ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့၏ အစီအမံ၊ ခရိုင်/ မြို့နယ်အဆင့် လုပ်ငန်းအဖွဲ့များ၏ ကြီးကြပ်မှုတို့ဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTIN MACHINE) ကိုင်တွယ်အသုံးပြုနည်းသင်တန်းများကို ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးပြီးရွေးကောက်ပွဲတွင် အီလက်ထရောနစ်စက် (MEVM) ဖြင့် မဲပေးကြရမည်ဖြစ်ရာ မဲစာရင်းများကို မှန်ကန်တိကျမြန်ဆန်စွာဆောင်ရွက်နိုင်မည်ဖြစ်‌ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲသည် နိုင်ငံတော်၏ အဓိကရည်မှန်းချက်ဖြစ်သည့်အတွက် နိုင်ငံသားတိုင်းမဲပေးနိုင်ရေး၊ နည်းလမ်းကျ မှန်ကန်သည့် အထွေထွေရွေးကောက်ပွဲပုံစံဖြစ်စေရေးနှင့် ရွေးကောက်ပွဲလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားသည်။

‎‎ထို့နောက် ထားဝယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးမှ ရွေးကောက်ပွဲအရာရှိ ဦးသက်ထူးတင်က MEVM စက်အသုံးပြုရခြင်းနှင့် စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းပြောကြားပြီး လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးအောင်မြတ်ထိုက်နှင့် ဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များက ရွေးကောက်ပွဲနေ့တွင် ဆောင်ရွက်ရမည့် အစီအစဉ်များအတိုင်း မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

‎‎သိန်းသိန်း(လောင်းလုံး)