သရက်ချောင်းမြို့နယ်၌ မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး/ ထိုးနှံပေး

သရက်ချောင်း ဩဂုတ် ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး/ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ကလေးသူငယ်များအား ကိုယ်အပူချိန်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ စာရင်းရေးသွင်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးသူငယ်များကို ဆိုဆို့ကြက်ညှာချောင်းဆိုး၊ အသည်းရောင်သားအဝါ (ဘီ)၊ ဘီစီဂျီ၊ ပိုလီယို၊ ဦးနှောက်အမြေးရောင်ရောဂါစသည့် (ငါးမျိုးစပ်ကာကွယ်ဆေး)ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်းအဆုတ်ရောင်(ပီစီဗီ)၊ဝက်သက်-ဂျိုက်သိုးစသည့်ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် သတ်မှတ်အကြိမ်တိုင်းထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေးတိုက်ကျွေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဗီတာဗင်-A‌ အား‌ဆေးတိုက်‌ကျွေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)