ကယားပြည်နယ် လူငယ်ရေးရာကော်မတီမှ ကြီးမှူး၍ လူငယ်စကားဝိုင်း လွိုင်ကော်မြို့တွင် ကျင်းပ

လွိုင်ကော် ဇူလိုင် ၃၁

ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတတိုးပွားစေပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် ဘက်စုံထူးချွန်သူများ ဖြစ်လာစေရန်နှင့် လူငယ်များ၏အခန်းကဏ္ဍ မြင့်မားတိုးတက်စေရန် ကယားပြည်နယ် လူငယ်ရေးရာကော်မတီမှပြုလုပ်သော လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ကယားပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာနှင့် ကောလိပ်၊ သိပ္ပံ၊ သင်တန်းကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား မောင်တင်ထွန်းဦးက လူချွန်လူကောင်းသီချင်းဖြင့် နှုတ်ခွန်းဆက် သီဆိုဖျော်ဖြေတင်ဆက်ခဲ့သည်။

ထို့နောက် ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြက်သော လူရည်ချွန်များဖြစ်လာစေရန်၊ စကားပြောစွမ်းရည်မြင့်မားလာစေရန်၊ လူထုပရိတ်သတ်အရှေ့၌ ပြောဆိုဆွေးနွေးတတ်စေရန်နှင့် တိုင်ပင်ဆွေးနွေးခြင်းအလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်မှလူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်များချမှတ်၍ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံမှ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ကောင်းများဖြစ်သည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အသိအမြင်ကြွယ်ဝစေရန် လူငယ်စကားဝိုင်းမှတစ်ဆင့် တင်ပြဆွေးနွေးခြင်းဖြင့် မိမိကိုယ်မိမိယုံကြည်မှု၊ ရဲရင့်မှုများရရှိပြီး အနာဂတ်တွင် နိုင်ငံတော်နှင့်အများအကျိုးအတွက် သယ်ပိုးထမ်းရွက်နိုင်သူများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ နည်းပညာတက္ကသိုလ်(လွိုင်ကော်)မှ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာခိုင်ဇော်နိုင်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ တတိယနှစ်ကျောင်းသူ မအေးအေးမြင့်က လူငယ်နှင့်ကျန်းမာရေး၊ အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)၊ Grade-12 ကျောင်းသူ မရွှေလင်းခိုင်က လူငယ်နှင့်အားကစား၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၊ တတိယနှစ်‌ကျောင်းသူ မကြယ်စင်သင်းက လူငယ်နှင့်ဗလငါးတန်၊ နည်းပညာတက္ကသိုလ်(လွိုင်ကော်)၊ ပထမနှစ်ကျောင်းသား မောင်သူရဟိန်းထက်က လူငယ်နှင့်နည်းပညာ၊ ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)၊ ဒုတိယနှစ်ကျောင်းသူ မချောကလျာနှင်းက လူငယ်နှင့် ICT နည်းပညာခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးချက်များအပေါ် ဖြည့်စွက်ဆွေးနွေးတင်ပြပြီး သိလိုသည်များကို မေးမြန်ခြင်းများ၊ ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများက စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ် သီချင်းဖြင့်လည်းကောင်း၊ ငွေတောင်ပြည်ကဖိတ်ခေါ်သံ သီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားအတွက် ချီးမြှင့်ငွေများ၊ ဂုဏ်ပြုလက်ဆောင်များကို ဦးဆောင်ဆွေးနွေးသူနှင့် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများအားပေးအပ်ရာ တာဝန်ရှိသူအသီးသီးကလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပါဝင်ဆွေးနွေးကြသူများနှင့် ကပြဖျော်ဖြေခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများအသီးသီးပေးအပ်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။ ယနေ့အခမ်းအနားတွင် လွိုင်ကော်မြို့ပေါ်ရှိ အခြေခံပညာနှင့်အဆင့်မြင့်ပညာကျောင်းများ၊ ကောလိပ်၊ သိပ္ပံနှင့် သင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူအင်အား ၄၅၀ ဦးခန့်တက်ရောက်ခဲ့ကြပြီး ပြည်နယ်လူငယ်ရေးရာကော်မတီအနေဖြင့် လူငယ်စကားဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် လူငယ်ကဏ္ဍမြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများကို သက်ဆိုင်ရာကျောင်းများအလိုက် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)