ကယားပြည်နယ်ဝန်ကြီးချုပ် ဘီလူးချောင်းရေဝင်ရောက်မှုမှ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဇူလိုင် ၃၁

ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ အနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများအဆင့်မြင့်တင်ဆောင်ရွက်နေမှုနှင့် လမ်းတိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေတို့အား ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ ရှမ်းပိုင်းရပ်ကွက် ဘီလူးချောင်းကမ်းနားလမ်းတစ်လျှောက် ရေဝင်ရောက်မှုမရှိစေရေး မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများက သဲအိတ်များကာရံခြင်း၊ မြေထိန်းနံရံများပြုလုပ်ပေးခြင်း စုပေါင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး (၂၄)နာရီ ရေကင်းစောင့်ကြည့်ရေး၊ စိုးရိမ်ရေမှတ်ကျော်လွန်သည့်အခြေအနေရှိပါက အချိန်နှင့်တစ်ပြေးညီ ပြည်သူများသို့ ကြေညာချက်များ ထုတ်ပြန်အသိပေးရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းတုံ့ပြန်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ ဘီလူးချောင်း(ရှမ်းပိုင်း)တံတားတွင် ဘီးလူချောင်းရေမြင့်တက်မှုအခြေအနေများနှင့် တံတားကြံ့ခိုင်မှုများကို ကြည့်ရှုစစ်ဆေးပြီး ဘီးလူချောင်းဘေးတစ်လျှောက် အနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဝင်ရောက်မှုမရှိစေရန် အုတ်ရိုးတာပေါင်များအား ထပ်မံမြှင့်တင်ကာရံခြင်း၊ ရေတံခါးများတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ ထူးခြားမှုအခြေအနေများအား အချိန်နှင့်တစ်ပြေးညီတင်ပြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ဒေါတမရပ်ကွက်၊ ဇော်ဂျီလမ်းမှ သူရလမ်းအတွင်းရှိ ကျော်ခိုင်လမ်းအား အရှည် (၁၆၅၀)ပေအား မူလလမ်းအကျယ် (၁၂)ပေမှ (၁၈)ပေအကျယ် လမ်းချဲ့ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းနှင့် ဒေါတမရပ်ကွက် ဇော်ဂျီလမ်းမှ ဘီလူးချောင်းအထိ ရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အရှည် ၅၃၀ ပေ ကွန်ကရစ်ရေမြောင်းဆောင်ရွက်ခြင်း လုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလပြီးစီးရေး၊ လုပ်ငန်းပြီးစီးပါက လမ်းဘေးဝဲယာရှိ လမ်းပခုံးများ လမ်းနှင့်တစ်ပြေးညီဖြစ်စေရေး စနစ်တကျဆောင်ရွက်ပေးရန်နှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေါနိုးကူးနှင့် နမ့်ကွတ်ရပ်ကွက် ရေဝပ်နေရာအချို့တွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက  ရေများစုပ်ထုတ်ခြင်း၊ ရေဝင်ရောက်နိုင်သည့်နေရာများအား သဲအိတ်များကာရံခြင်းလုပ်ငန်း စုပေါင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် နမ့်ကွက်ရပ်ကွက်၊ ငုရွှေဝါလမ်းရှိ မြေသားရေနုတ်မြောင်းအား ကျောက်စီရေမြောင်းပြုလုပ်ခြင်းနှင့် ရေထိန်းတံခါးပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာကောင်းမွန်စေရေး စနစ်တကျဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလပြီးစီးရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)