လွိုင်ကော် ဇူလိုင် ၃၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ဇူလိုင် ၂၉ ရက်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ ခုတင် ၅၀၀ဆံ့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းက အဖွင့်အမှာစကားပြောကြားသည်။ ဆေးရုံအုပ်ကြီးက ဝန်ထမ်းများတာဝန်ထမ်းဆောင်မှုနှင့် ဆေးရုံများ၊ ကျန်းမာရေးဌာနများဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်တင်ပြခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ဆေးရုံကြီးဆေးပဒေသာပင်ရန်ပုံငွေနှင့် ဝန်ထမ်းများအတွက် ကော်ဖီ၊ ခေါက်ဆွဲခြောက်နှင့် ကြက်ဥများအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့က ကျန်းမာရေးဝန်ထမ်းများအား ကော်ဖီ၊ ခေါက်ဆွဲခြောက်နှင့် ကြက်ဥများအသီးသီးပေးအပ်ခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့သည်။ ထို့နောက် ခုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးရှိ ဆေးကုသဆောင် အသီးသီးတွင် တက်ရောက်ဆေးကုသနေသည့် လူနာများအား လှည့်လည်ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် လွိုင်ကော်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ နွယ်သာကီခန်းမ၌ ဆရာ၊ ဆရာမများ၊ စိုက်ပျိုးမွေးမြူရေးကျောင်း(ချိကယ်)မှ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ပညာရေးမှူးက ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှု၊ အခြေခံပညာကျောင်းများနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ဖွင့်လှစ်သင်ကြားမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်တင်ပြသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခြေခံပညာနှင့် စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ကော်ဖီ၊ ခေါက်ဆွဲခြောက်နှင့် ကြက်ဥများချီးမြှင့်ပေးအပ်ကြသည်။ ထို့နောက် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားများပြောကြားပြီး ကျောင်းဝင်းအတွင်း စာသင်ဆောင်များပြုပြင်ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာစာသင်ကြားနေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ခန်းမ၌ လွိုင်ကော်မြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်းများသို့ ဆန်၊ ဆီနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားသို့တက်ရောက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းက အဖွင့်အမှာစကားပြောကြားရာ၌ ခရစ်ယာန်သာသာဝင်များအနေဖြင့် မိမိတို့၏ဘာသာ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ဆောင်ရွက်ရင်း မိမိတို့ဒေသအေးချမ်းသာယာရေးအတွက်ကိုလည်း ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ခရစ်ယာန်ဘာသာဝင်များ စိတ်အေးချမ်းသာစွာ ဝတ်ပြုဆုတောင်းနိုင်ရန် ဘုရားကျောင်းများ ပြုပြင်ပေးခဲ့မှုအခြေအနေများနှင့် ပြည်နယ်တည်ငြိမ်အေးချမ်းရေးအတွက် ဘာသာရေးအဆုံးအမဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွိုင်ကော်မြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်းများသို့ ဆန်၊ ဆီနှင့် အလှူငွေများပေးအပ်ခဲ့ပြီး ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့သည်။
ထို့နောက်နေ့လယ်ပိုင်းတွင် နွားလဝိုးကျေးရွာအုပ်စု၊ နွားလဝိုးရွာမကျေးရွာ၌ပြုလုပ်သည့် မိုးစပါးယူရီးယားဓာတ်မြေဩဇာ စုပေါင်းကြဲပက်ခြင်းနှင့် သက်သာသောနှုန်းဖြင့် ရောင်းချပေးအပ်ခြင်းအခမ်းအနားတွင် နွားလဝိုးရွာမကျေးရွာရှိ မိုးစပါးစိုက်ပျိုးသည့်တောင်သူများနှင့် တွေ့ဆုံသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏အဓိကသီးနှံများ စိုက်ပျိုးထားရှိမှုနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများ၊ သီးနှံစိုက်စွမ်းအားတိုးတက်ရေး လိုအပ်သည့်သွင်းအားစုနှင့် အရင်းအနှီးများရရှိရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှုများအား ဆွေးနွေးတင်ပြသည်။ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက တောင်သူများအား သီးနှံများအလိုက် စိုက်ပျိုးနည်းစနစ်များအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က နွားလဝိုးရွာမနှင့် ထီရိကျေးရွာတို့မှ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများအားပေးအပ်ပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့သည်။ ထို့နောက် နွားလဝိုးရွာမ၊ ကွင်းအမှတ် ၁၂၆ ၊ တောင်သူဦးစိုးရွှေ၏ မိုးစပါးစံပြစိုက်ခင်းအတွင်း ယူရီးယားဓာတ်မြေသြဇာများ စုပေါင်းကြဲပက်နေမှုများနှင့် တောင်သူများအား ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးနှင့် အသီး၊ အရွက်၊ အပင်သန်ဆေးများ စနစ်တကျသုံးစွဲနိုင်ရန် သရုပ်ပြရှင်းလင်းခြင်းနှင့် ရောင်းချပေးမည့် ဓာတ်မြေသြဇာများအား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ၃၃/ ၁၁ ကေဗွီ ၅ အမ်ဗွီအေ ကယန်းသာယာဓာတ်အားခွဲရုံသို့ရောက်ရှိပြီး ဓာတ်အားခွဲရုံ၏ မြို့ပြပိုင်းနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ ပြုပြင်တည်ဆောက်နေသည့်အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာတို့က လွိုင်ကော်မြို့နယ်၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုအခြေအနေများ၊ ကယန်းသာယာဓာတ်အားခွဲရုံပစ္စည်းများ အသင့်ပြင်ဆင်ထားရှိမှု၊ ပြုပြင်ဆောင်ရွက်နေမှုနှင့်ပြီးစီးပါက ဓာတ်အားပို့လွှတ်ပေးနိုင်မည့် အခြေအနေများအားလည်းကောင်း၊ မဟာဓာတ်အားလိုင်းမှူးရုံး (လွိုင်ကော်) မဟာဓာတ်အားလိုင်းမှူးက ဘီလူးချောင်းအမှတ်(၂) ဓာတ်အားပေးစက်ရုံမှ တီကျစ်ဓာတ်အားပေးစက်ရုံသို့ သွယ်တန်းထားသော ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများပြုပြင်နေမှုနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေများအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးတင်ပြသည်။ ထို့နောက် ဓာတ်အားခွဲရုံ Switch Yard အတွင်း လျှပ်စစ်ပိုင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ မြန်ဆန်စွာပြီးစီးအောင် တာဝန်ရှိသူအားလုံးက အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
အဆိုပါ ကယန်းသာယာဓာတ်အားခွဲရုံပြုပြင်ပြီးစီးပါက လွိုင်ကော်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၊ လွိုင်လင်လေးမြို့၊ လွိုင်ကော်စက်မှုဇုန်နှင့် လွိုင်ကော်-မိုးဗြဲလမ်းပိုင်းရှိ ထီရိ၊ ကုန်းသာ၊ ဆောင်ကန်း၊ ဝါရီကောခူ၊ ပီကင်းကောခူကျေးရွာများနှင့် ၎င်းမှတစ်ဆင့် မိုးဗြဲသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)