လွိုင်ကော် ဇူလိုင် ၃၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ဇူလိုင် ၂၈ ရက် နေ့လယ်ပိုင်းက လွိုင်ကော်မြို့သို့ရောက်ရှိနေထိုင်လျက်ရှိသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် အခြေခံစားသောက်ကုန်များပေးအပ်ပွဲသို့ တက်ရောက်သည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်တို့က အမှာစကားများ အသီးသီးပြောကြားခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များကို အသီးသီးပေးအပ်ခဲ့ကြပြီး တက်ရောက်လာသည့် ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသူများက လိုအပ်ချက်များနှင့် ဖြည့်ဆည်းပေးရန်အချက်များအား တင်ပြကြရာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းသို့ရောက်ရှိပြီး ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစက္ကထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က သာသနာတော်ဆိုင်ရာများ လျှောက်ထားခဲ့ကြပြီး ကြွရောက်တော်မူသည့် ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ဆက်လက်၍ ဒေါနိုးကူးရပ်ကွက်၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက သင်တန်းကျောင်းဖွင့်လှစ်မှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးအောင်မျိုးက နယ်စပ်ရေးရာဝန်ကြီးဌာန၏လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ဂုဏ်ပြုချီးမြှင့်ငွေများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဝန်ထမ်းများသို့လည်းကောင်း၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကျောင်းသား၊ ကျောင်းသူများနှင့် သင်တန်းသားသင်တန်းသူများသို့လည်းကောင်း ပေးအပ်ခဲ့ကြပြီး ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်များ၊ စားရိပ်သာများ၊ စာကြည့်တိုက်နှင့် ရိက္ခာသိုလှောင်ရုံများသို့လည်းကောင်း၊ နေ့စဉ်အာဟာရပြည့်ဝစွာကျွေးမွေးနိုင်ရေး စီမံဆောင်ရွက်ထားသည့် ဥစားကြက်မွေးမြူရေးခြံနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများ စိုက်ပျိုးထားရှိမှုများအားလည်းကောင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ထို့နောက် ထေးသမရပ်ကွက်ရှိ ရိုးရာတံခွန်တိုင်ကွင်းသို့ရောက်ရှိကာ အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီးခဲ့သည့် ရိုးရာတံခွန်တိုင်ခန်းမကြီးအား ကြည့်ရှုပြီး ကေ့ထျိုးဘိုးဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ခန်းမကြီးနှင့် အခြားခန်းမဆောင်များ ပြန်လည်ပြုပြင်ရမည့်အခြေအနေများအားလည်းကောင်း၊ တံခွန်တိုင်ကွင်းအတွင်း ရိုးရာပွဲတော်များ ပြန်လည်ကျင်းပနိုင်ရန် ချုံမြက်များရှင်းလင်းခြင်းနှင့် သန့်ရှင်းသာယာရေးဆောင်ရွက်ရမည့် အခြေအနေကိုလည်းကောင်းမှာကြားခဲ့ပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)