နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဇူလိုင် ၃၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ဇူလိုင် ၂၈ ရက်နေ့နံနက်က သီရိမင်္ဂလာဈေးသစ် နှစ်ထပ်ဆောင်ခန်းမ၌ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ စည်ပင်သာယာရေးကော်မတီဝင်များ၊ ဈေးကော်မတီဝင်များနှင့်တွေ့ဆုံသည်။ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ပြည်နယ်အမှုဆောင်အရာရှိက ဈေးသစ်တည်ဆောက်ပြီးစီးမှုနှင့် ဈေးရုံသစ်များ တည်ဆောက်လျက်ရှိသည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး  ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့နောက် ဈေးအတွင်း ဈေးရုံများတည်ဆောက်ပြီးစီးမှုနှင့် ဈေးရုံသစ်များတည်ဆောက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်မှုများအား လိုက်လံရှင်းလင်းတင်ပြကြသည်။ ထို့နောက် ဈေးအတွင်း ရောင်းဝယ်ဖောက်ကားနေမှုများအား လှည့်လည်ကြည့်ရှုအားပေးပြီး ဈေးသူဈေးသားများ၊ ဈေးဝယ်ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားများ ပြောကြားခဲ့ကြသည်။

ဆက်လက်၍ လွိုင်ကော်တက္ကသိုလ်နယ်မြေအတွင်းရှိ အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်နေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ တက္ကသိုလ်ပင်မဆောင် အစည်းအဝေးခန်းမ၌ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က အမှာစကားများပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုအား တင်ပြသည်။

ထို့နောက် ဒုတိယပါမောက္ခချုပ်က တက္ကသိုလ်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် တက္ကသိုလ်ပြန်လည်ဖွင့်လှစ်ရန်   အခြေအနေများ၊ လိုအပ်ချက်များနှင့် ဖြည့်ဆည်းပေးရန်အချက်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က လုပ်ငန်းဆောင်ရွက်ချက်များအား အသီးသီးတင်ပြခဲ့ကြသည်။ ထို့နောက် လွိုင်ကော် တက္ကသိုလ်နယ်မြေအတွင်းရှိ ပင်မဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၊ ပါမောက္ခချုပ်နေအိမ်များနှင့် ဝန်ထမ်းအိမ်ရာများ၊ ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်များနှင့် စာသင်ဆောင်များ၊ အားကစားရုံနှင့် အားကစားကွင်းများ၊ အုတ်တံတိုင်းခြံစည်းရိုးများ ပြန်လည်ပြုပြင်တည်ဆောက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တက္ကသိုလ်တည်ဆောက်ရေးလုပ်ငန်းများအနေဖြင့် လုပ်ငန်းအားလုံး၏ ၆၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် မထောခူကျေးရွာအုပ်စု၊ ရေနီကန်ကျေးရွာလယ်ယာကုန်ထုတ်လမ်း ကွန်ကရစ်လမ်းနှင့် ကျောက်စီရေမြောင်းလုပ်ငန်းနေရာသို့ရောက်ရှိရာ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် အကျိုးပြု နိုင်သည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။ ဆက်လက်၍ ကုန်ထုတ်လမ်းနှင့် ကျောက်စီရေမြောင်း ပြုလုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေနီကန်ကျေးရွာနေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လမ်းရေရှည်အသုံးပြုနိုင်ရေး စနစ်တကျ ထိန်းသိမ်းကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ အဆိုပါကျေးရွာရှိ စံပြဝက်မွေးမြူရေးခြံသို့ရောက်ရှိရာ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက စံပြဝက်မွေးမြူရေးခြံ တည်ဆောက်ထားရှိမှု၊ အသားတိုး ဝက်နှင့် မျိုးဝက်မများ မွေးမြူထားရှိမှု၊ အစာသိုလှောင်ရုံ၊ မိလ္လာစွန့်ပစ်ကန်များနှင့် ခြင်၊ ယင်၊ လေကာ စနစ်များ ထည့်သွင်းဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံရှင်းလင်းတင်ပြခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း လိုအပ်သည့် မျိုးဝက်များ လုံလောက်စွာ မွေးမြူပြီး အသားကဏ္ဍဖူလုံမှုရှိစေရန်အတွက် ယခုထက် ပိုမိုတိုးချဲ့မွေးမြူနိုင်ရေးဆောင်ရွက်မည့် အခြေအနေများကို ဖြည့်ဆည်းတင်ပြခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ ချိကယ်ကန္ဒရဝတီဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး ကျောင်းတိုက်ရှိ ဆရာတော် ဘဒ္ဒန္တတေဇာဝုဓ(သာသနဓဇဓမ္မာစရိယ)အား ဖူးမြော်ကြည်ညို လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ထေးသမရပ်ကွက်နှင့် ချိကယ်ကျေးရွာအုပ်စု ကျေးရွာများအတွင်း ပြန်လည်ဝင်ရောက်နေထိုင်ကြသည့် ပြည်သူများနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ပြီး ပြည်သူများက ဖြည့်ဆည်းပေးရန် တင်ပြချက်များပေါ် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ သီရိမင်္ဂလာတောင်တော်(တောင်ကွဲ)စေတီတော်မြတ်နှင့် ဆုတောင်းပြည့် မြို့နာမ်ရွှေစေတီတော်တို့သို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကာ စေတီတော်များ ဘက်စုံပြုပြင်မွမ်းမံနိုင်ရန်အတွက် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)